ငလျင်ဒဏ်သင့်ဒေသများနှင့် ဆက်စပ်သော ခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး သီတင်းပတ် ၂ ပတ်ကြာ ရပ်ဆိုင်းမယ်လို့ NUG အသိပေး

မတ်လ ၃၀ ရက်။

လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဒဏ်သင့် ဒေသများနှင့် ဆက်စပ်သော ခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ရက်သတ္တ နှစ်ပတ်ကြာ (မတ် ၃၀ ရက် မှ ဧပြီ ၁၂ ရက်ထိ) ရပ်ဆိုင်းထားမယ်လို့ ဒီကနေ့ မတ်လ ၂၉ ရက်နေ့ညပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့များအား လိုအပ်သည့် အကူအညီနှင့် ကာကွယ်စောင့်ရှောက်မှုပေးရန်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) များအားညွှန်ကြားထားပြီးဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မြို့ကြီးတွေမှာ လုံခြုံရေးအာမခံချက်ရှိရင် CDM ဝန်ထမ်းတွေနဲ့အတူ ငလျင်ဒဏ်ခံစားနေရတဲ့ ပြည်သူတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးနဲ့ ကုသရေး ဆောင်ရွက်မယ်လို့လည်း NUG ကထုတ်ပြန်ထားပါတယ်။

မတ်လ ၂၈ ရက်နေ့နေ့လည် ၁ နာရီခန့် က မြန််မာနိုင်ငံတဝန်းမှာ လှုပ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် မတ်လ ၂၉ ရက်နေ့ ည ၈ နာရီအထိ သေဆုံးသူဦးရေ ၁၆၄၄ ဦးရှိလာကာ၊ ထိခိုက်ဒဏ်ရာရသူ ၃၄၀၈ ဦး နဲ့ ပျောက်ဆုံးသူ အယောက် ၁၃၉ ဦးရှိပြီး မန္တလေးတိုင်းဒေသကြီးမှာ ငလျင်ကြောင့် သေဆုံးသူ အများဆုံးဖြစ်ကြောင်း နဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက်ကောက်ယူနေသလို အိန္ဒိယ၊ တရုတ် နဲ့ တခြားနိုင်ငံတကာ အကူအညီတွေ မတ်လ ၂၉ ရက်နေ့မှာ ရောက်ရှိနေကြောင်းကိုလည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *