
မတ်လ ၅ ရက်။
နွေဦးတော်လှန်ရေး ကာလအတွင်း ချင်းလူမျိုးတွေရဲ့ ညီညွှတ်ရေးဟာ တခြားသော လူမျိုးစုတော်လျန်ရေးအဖွဲ့တွေအတွက် ကနဦးစံပြဖြစ်လာဖို့ လိုအပ်ကြောင်း၊ချင်းပြည်ကောင်စီ [CC] နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် (ICNCC/CB) အကြား ပြန်လည်ပေါင်းစည်းရန် ကြိုးပမ်းမှုတွေကို အဓိက အသားပေးပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက မတ်လ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက “ခုဆိုရင် ချင်းပြည်ကောင်စီ [CC] နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် (ICNCC/CB) တို့အကြား ဘုံပေါင်းစည်းမှုတစ်ရပ် လုပ်ဆောင်နိုင်ဖို့ ခြေလှမ်းစနိုင်တော့မှာ ဖြစ်ကြောင်း ကြားသိရတာကြောင့်၊ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ တစ်ခုလုံးက ဝမ်းသာ ဂုဏ်ယူမိခဲ့ ကြပါတယ်။ ပြည်တွင်း ပြည်ပက ချင်းလူထုတစ်ရပ်လုံးကလည်း ချင်းညီညွတ်ရေးအပေါ် ဝမ်းမြောက် ဝမ်းသာ ကြိုဆိုကြတာကို တွေ့ရပါတယ်။ နွေဦးတော်လှန်ရေး အတွင်းမှာလည်း ချင်းတို့ရဲ့ ညီညွတ်ရေးဟာ တခြားသော လူမျိုးစုတော်လှန်ရေးအဖွဲ့တွေအတွက် ကနဦး စံပြ ဖြစ်လာဖို့ လိုတယ်လို့ ယူဆပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးမှာ အဖွဲ့ပေါင်းများစွာ ထွက်ပေါ်လာတာဟာ အင်အားတစ်ရပ် ဖြစ်တယ်ဆို ပေမယ့် တော်လှန်ရေးအဖွဲ့တွေအားလုံးကို ဘုံညီညွတ်ရေးတည်ဆောက်နိုင်ပြီး တစ်စုတစ်စည်းတည်း စုဖွဲ့နိုင်ခြင်းက ပိုပြီး အားကောင်းမှုကို ဖြစ်စေတယ်လို့ ပြောချင်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။
ချင်းပြည် (Chinland) ကောင်စီနဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ( ICNCC/CB) အနေနဲ့ ချင်းပြည်အတွင်းရှိ ချင်းပြည်သူတွေအတွက် ကောင်စီ ၂ ရပ်ရှိနေခြင်းကို မဖြစ်သင့်ကြောင်း နှစ်ဖက်လက်ခံယုံကြည်ကြသည်နဲ့အညီ ကောင်စီအသစ်တစ်ရပ်အဖြစ် ပေါင်းစည်းရန် သဘောတူညီခဲ့ကြပြီး ထိုကောင်စီကို ချင်းအမျိုးသားကောင်စီ ( Chin National Council) ဟု ခေါ်တွင်ဖို့ သဘောတူညီခဲ့ကြပြီး ချင်းအမျိုးသားကောင်စီ ( Chin National Council) အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးအတွက်လည်း ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမှုကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းရန် သဘောတူညီခဲ့ကြပြီလို့ ချင်းပြည် (Chinland) ကောင်စီနဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ( ICNCC/CB) တို့က ပူးတွဲပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။