Headlines

မလေးရှားမှာ UN မှတ်ပုံတင်လျှောက်ထားသော ချင်းဒုက္ခသည်များ ACR ရုံးသို့ အမည်စာရင်းလာပေးရန် နှိုးဆော်

ဖေဖော်ဝါရီလ ၂၅ နေ့ရက်။

အွန်လိုင်းကနေ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)မှာ မှတ်ပုံတင်ကဒ် လျှောက်ထားပြီး ရက်ချိန်းမရရှိသေးတဲ့မလေးရှားရောက်ချင်းလူမျိုးဒုက္ခသည်များအနေနဲ့ UNHCR ရဲ့တောင်းဆိုချက်အရ Alliance of Chin Refugee(ACR) ရုံးကိုလာရောက်နာမည်စာရင်း ပေးသွင်းကြပါရန် ဒီကနေ့ ဖေဖော်ဝါရီလ ၂၅ နေ့ရက်စွဲဖြင့် ACR ကတိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)ရဲ့ တောင်းဆိုချက်အရ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်ကြား UNHCR ကဒ် (သို့) မှတ်ပုံတင်ရန် ရက်ချိန်းများမရရှိသေးသူများ အတွက်သာ အကျုံးဝင်မှာဖြစ်တယ်လို့ ACR ကဆိုထားပါတယ်။

“ကျမကတော့ ၂၀၁၀ ခုနှစ်ကတည်းကမလေးရှားကို ရောက်ပြီးအလုပ်လုပ်ပြီးနောက်ပိုင်း UN ကိုလျှောက်ထားတာအတော်ကြာပါပြီ။ မလေးရှားမှာဆယ်စုနှစ်တောင်ရှိနေပြီနေလာတာ။ အခု ACR ရဲ့ကြေညာချက်အရဆိုရင်လည်း အကျုံးဝင်တယ်။ စာရွက်စာတမ်းတွေကိုတော့ အမြဲပုံမှန်သိမ်းထားတာဆိုတော့ သွားပြီးပြရုံပါပဲ။ UN လျှောက်ထားတဲ့သူတွေကတော့ စာရွက်စာတမ်းအစုံအလင် ကောင်းကောင်းသိမ်းကြပါတယ်။ အခုလို UNHCR ကပြောဆိုလာတဲ့အပေါ် ချင်းအချင်းချင်း အဖွဲ့အစည်းဖြစ်တဲ့ ACR ကပါ၀ိုင်းကူညီပေးမှာဆိုတော့ အများကြီး မျှော်လင့်ချက်ပြန်ရှိတာပေါ့” လို့ မလေးရှားမှာရောက်ရှိနေတာဆယ်စုနှစ်နီးပါးရှိပြီဖြစ်ပြီး အဝတ်အထည်ကုမ္ပဏီတစ်ခုမှာ Senior Marketing Manager လုပ်နေတဲ့ မိုင်ချင်ချင် (အမည်လွှဲ) ကပြောပါတယ်။

သူကဆက်ပြီး “အမှန်ဆိုရင် ဘယ်သူကမှ US ရယ်လို့ မစဉ်းစားကြတော့ပါဘူး။ ဟိုမှာရောက်ပြီးသားချင်းအဖွဲ့အစည်းအချို့အခိုင်အမာရှိလို့သာ သွားချင်ကြတာ။ တတိယနိုင်ငံလို့ပြောလိုက်ရင် အမေရိကထက် တစ်ခြားနိုင်ငံဆိုပိုတောင်အဆင်ပြေတာပဲလေ။ US ရောက်ပြီး အစိုးရတစ်ခါပြောင်းတိုင်း စိတ်ပူပန်ရတာမျိုးတစ်ခြားနိုင်ငံမှာရှိတာမဟုတ်ဘူး။ ဩစတေးလျ၊ နော်ဝေ၊ ဆွီဇီလန်၊ ဒိန်းမတ်နိုင်ငံရောက်တဲ့သူတွေကြည့်ပါလား။ သူတို့ကြိုးစားရင်ကြိုးစားသလောက် အရာအားလုံး US ထက်ပိုအဆင်ပြေတယ်။ ဦးလေးတွေ US မှာရှိကြပါတယ်။ ဒါပေမယ့် သူတို့က အစိုးရအပြောင်းအလဲတိုင်းကို လိုက်ကြည့်ပြီး အဆင်ပြေသလိုနေနေကြရတာ” လို့ပြောပါတယ်။

၂၀၁၉ ခုနှစ်နဲ့ ၂၀၂၂ ကြား UNHCR ကဒ်ရရှိရေးမှတ်ပုံတင်ထားသူတွေအနေနဲ့ နာမည်စာရင်းများလာရောက်ပေးသွင်းတဲ့အချိန်မှာ ဒုက္ခသည်များဆိုင်ရာ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားစဉ်က UN စာရွက်စာတမ်းများ (သို့) စာရွက်စာတမ်းအညွှန်း ( Reference Number) နဲ့ မလေးရှားကို ရောက်ရှိလာခဲ့တဲ့ အချက်အလက်များကို အသေအချာယူဆောင်လာရမယ်လို့ ACR ကအသိပေးထားပါတယ်။

၂၀၂၅ ဇန်နဝါရီလကုန်အထိ မလေးရှား UNHCR ရုံးမှာ မှတ်ပုံတင်ထားတဲ့ ချင်းလူမျိုးဒုက္ခသည်ပေါင်း ၂၇၇၉၀ ဦးရှိ ေကြာင်း သိရပါတယ်။ ၂၀၂၅ ဇန်နဝါရီလကုန်အထိ မလေးရှား UNHCR ရုံးမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံအနှံ့က ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၁၉၂၄၂၀ ခန့်ရှိပြီး မြန်မာနိုင်ငံကနေ ၁၇၀၉၂၀ လောက်ရှိတဲ့အနက် ၁၁၁၉၈၀ ခန့်ဟာ ဟိုဟင်ဂျာတွေဖြစ်တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံကနေ ရောက်ရှိသူဦးရေဟာ အများဆုံးဖြစ်ပြီး နောက်ထပ်လာရောက်ခိုလှုံတဲ့ လူဦးရေများတဲ့ နိုင်ငံတွေကတော့ ပါကစ္စတန်၊ ယီမင်၊ ဆိုမာလီ၊ အာဖဂန်၊ ဆီးရီးယားနိုင်ငံတို့ဖြစ်တယ်လို့ဆိုပါတယ်။ တစ်နိုင်ငံချင်းစီအလိုက် လာရောက်ခိုလှုံသူတွေဟာ အနည်းဆုံးထောင်ဂဏန်းဆီရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *