Headlines

အိိန္ဒိယနိုင်ငံ၊ Assam ပြည်နယ်မှာ ဖမ်းဆီးထောင်ချခံရတဲ့ ချင်းလူမျိုး ၃၂ ဦး အမြန်ဆုံးလွတ်မြောက်နိုင်ဖို့အတွက် ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြ

ဇန်နဝါရီလ ၃၁ ရက်။

အိိန္ဒိယနိုင်ငံ၊ Assam ပြည်နယ်မှာ ဖမ်းဆီးထောင်ချခံရတဲ့ မြန်မာနိုင်ငံသား ချင်းလူမျိုး ၃၂ ဦးဟာ မြန်မာနိုင်ငံတည်ငြိမ်မှုစောင့်ပြီး ထောင်ထဲအထိမ်းသိမ်းခံထားရကာ အမြန်ဆုံး လွတ်မြောက်နိုင်ဖို့အတွက် ထောင်ထဲမှာ သူတို့တွေ အစာငတ်ခံ ဆန္ဒပြကြတယ်လို့ အိန္ဒိယ – မြန််မာအရေးလေ့လာစောင့်ကြည့်လေ့လာတဲ့ India For Myanmar က ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အခုအစာငတ်ခံ ဆန္ဒပြကြတဲ့ ချင်းလူမျိုး ၃၂ ဦး ဟာ ၂၀၂၁ ခုနှစ်၊ မြန်မာနိုင်ငံအတွင်း အာဏာသိမ်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ်ပြီး New Delhi က UNHCR လက်အောက်မှာ ခိုလှုံဖို့ သွားတဲ့လမ်းမှာ ဖမ်းဆီးထောင်ချခံရသူတွေဖြစ်တယ်လို့ India For Myanmar ရဲ့ဖော်ပြချက်အရ သိရပါတယ်။

နောက်ပြီး သူတို့အားလုံးဟာ ပြစ်ဒဏ်၊ ငွေဒဏ် အကုန်ကျခံပြီးသားဖြစ်ကြပြီး မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုကို အကြောင်းပြကာ ထောင်စည်းကမ်းအတိုင်း ဆက်လက်ထိန်းသိမ်းခံထားရတာဖြစ်ပြီး ဒီလိုမြန်မာနိုင်ငံ တည်ငြိမ်မှုကို စောင့်ပြီး ထောင်ထဲမှာ ထိန်းသိမ်းခံရပါက ထောင်ဒဏ်တသက် (သို့မဟုတ်) သေဒဏ်ကျခံရခြင်းနဲ့ တူနေတဲ့အနေထားနဲ့ ကြုံနေကြရတာဖြစ်တယ်လို့ India For Myanmar ကဖော်ပြထားပါတယ်။

အိန္ဒိယထောင်မှာ ၁၀ နှစ်ကျော်အထိ ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံခြားသားတွေလည်း ရာချီရှိနေပြီး သူတို့အားလုံးဟာလည်း အခုဖမ်းဆီးခံထားရတဲ့ ချင်းလူမျိုးများနဲ့ တူညီတဲ့ ဥပဒေနဲ့ ဖမ်းခံရသူများဖြစ်ကြတယ်လို့လည်း India For Myanmar ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကလည်း အင်ဖာအကျဉ်းထောင်ထဲက ရွှေ့ပြောင်းအလုပ်သမား မြန်မာအမျိုးသား ၂၆ ဦးကို မဏိပူရ် အာဏာပိုင်တွေက စစ်ကောင်စီထံ လွှဲပြောင်းပြန်လွှတ်ပေးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် မေလနဲ့ ဇွန်လတုန်းကလည်း တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ အင်ဖာထောင်မှာ ထောင်ကျနေတဲ့ မြန်မာအမျိုးသမီး ၇၆ ဦးနဲ့ ကလေးတွေကို မဏိပူရ်ပြည်နယ် အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *