
ဇန်နဝါရီလ ၁၉ ရက်။
လူမှုရေး နှင့် သွေးလှူရှင် အသင်း တစ်ခုဖြစ်တဲ့ ဇိုမီးလူငယ်များအသင်း (Zomi Youth Association) ရဲ့ နှစ် ၂၀ ပြည့် နှစ်ပတ်လည်ပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ကလေးမြို့က ZYA အသင်းရုံးချုပ်မှာ ကျင်းပခဲ့ပြီး အသင်းနှင့်အတူ နှစ်ပေါင်း ၂၀ အတွင်း ၃၂ ကြိမ် သွေးလှူဒါန်းခဲ့သော ဦး ကမ်းဆွင်းမုန် အား သွေး အများဆုံး လှူဒါန်းသူ အဖြစ် ဂုဏ်ပြုဆုပေးအပ်ခဲ့ကြောင်း၊၂၀၂၄ ခုနှစ် အတွင်း ZYA ကနေ သွေး အကြိမ် ၁၀၀ တိတိကို လူမျိုး၊ ဘာသာ မခွဲခြားဘဲလှူဒါန်း နိုင်ခဲ့ကြောင်း ZYA အသင်းထံမှသိရပါတယ်။
ဦးကမ်းဆွင်မုန် ဟာ လက်ရှိတွင် အသက် ၄၇နှစ် ရှိပြီ ဖြစ်ပြီး ZYA အသင်းရဲ့ အတွင်းရေးမှူး အဖြစ်လည်း တာဝန်ယူ ခဲ့ဖူးသူ ဖြစ်ကာ နှစ်ပေါင်း ၂၀ အတွင်း ပျဉ်းမျှ အားဖြင့် နှစ်နှစ် လျှင် ၃ ကြိမ် နှုန်း ဖြင့် သွေးလှူဒါန်း နိုင်ခဲ့တာ ဖြစ်တယ် လို့လည်း သိရပါတယ်။
“အသင်း အနေနဲ့ ၂၀၂၄ ခုနှစ် အတွင်း အသင်း ကနေ သွေး လှူဒါန်း ခဲ့သူ အားလုံးကို စပိုစ့်ရှပ် တစ်ခုဆီ ချီးမြှင့် ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် အတွင်း ZYA ကနေ သွေး အကြိမ် ၁၀၀ တိတိကို လူမျိုး၊ ဘာသာ မခွဲခြားဘဲလှူဒါန်း နိုင်ခဲ့ပါတယ်။ တစ်နှစ် အတွင်း သုံးကြိမ် လှူဒါန်းနိုင်ခဲ့သူ သုံးဦးကိုလည်း ကျပ်ငွေ ငါးသောင်းစီ နှင့် ဂုဏ်ပြု ခဲ့တယ်။ အသင်း နဲ့ အတူ အကြိမ် အများဆုံး၊ ဒုတိယ နှင့် တတိယ အကြိမ် အများဆုံး လှူဒါန်းခဲ့သူ သုံးယောက် ကိုလည်း ဆုတံဆိပ် ချီးမြှင့်ပေး ခဲ့ပါတယ်” လို့ အသင်းရဲ့ ဥက္ကဌ ဦးဝုန့်ဇခုပ် ကနေ ပြောကြား ခဲ့ပါတယ်။
ဦးကမ်ဆွင်းမုန် က သွေးလှူဒါန်းမှု နဲ့ ပတ်သက်ပြီး သူ့ရဲ့ အတွေ့အကြုံ ကို “သွေး စလှူဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ သွေးလှူ ဖို့ ဦးဆောင်တဲ့သူ ဖြစ်တဲ့ အချိန်မှာ ကိုယ်တိုင် လှူဒါန်း ဖို့ ဖြစ်လာခဲ့တယ်။ ကိုယ်လှူတဲ့ သွေးနဲ့ တပါးသူတွေ အသက်ကို ကယ်ပေးရတဲ့ သူတို့ ဝမ်းသာလို့ ကျတဲ့ မျက်ရည်တွေ မြင်တဲ့ အချိန်မှာ ရရှိတဲ့ ခံစားချက် နဲ့ ပီတိတွေက ဘာနဲ့မှ လဲလို့မရပါဘူး။ စလှူပြီး နောက်ပိုင်း ကျန်မာရေးဌာနဘက်က ကန့်သတ်ထားတဲ့ လေးလပြည့် လာလို့ လိုတဲ့သူ ရှိတဲ့ အချိန်တိုင်း လှူဒါန်း ဖြစ်တယ်။ ၂၀၂၀ နှင့် ၂၀၂၂ ခုနှစ်တွေမှာ ကိုဗစ် ၁၉ ကူးစက်ခံရတော့ အားတွေ ပြန် မပြည့် နိုင်ခဲ့ဘူး။ နှစ်နှစ်ခွဲ လောက် ရပ်နား ခဲ့ရတယ်။ ၂၀၂၂ နောက်ပိုင်း မှာတော့ ပြန် လှူဒါန်း နိုင်ခဲ့တယ်။ လှူဒါန်း လို့ ရသမျှ ကာလပတ်လုံး ဆက်လက် လှူဒါန်း သွားဖို့ ဆုံးဖြတ် ထားပါတယ်” လို့ Chin World Media ကို ပြောကြား ခဲ့ပါတယ်။

အသင်းရဲ့ ဒုတိယ အကြိမ် အများဆုံး ဆုတံဆိပ် ကိုမူ သိက္ခာတော်ရ ဆရာ ခမ်ဒိုဒါလ် ကနေ ၃၁ ကြိမ် နဲ့ ရရှိခဲ့ပြီး တတိယ ရရှိတဲ့သူကတော့ ၂၂ ကြိမ် လှူဒါန်းနိုင်ခဲ့တယ် လို့လည်း အသင်းရဲ့ ဥက္ကဌထံမှ သိရှိရပါတယ်။
ဦး ကမ်းဆွင်းမုန် ကို ZYA အသင်းက ၂၀၂၅ ခုနှစ် က စပြီး ဒုဥက္ကဌ အဖြစ် ပြန်လည် တာဝန် ပေးအပ် ခဲ့တယ် လို့လည်း သိရှိရပါတယ်။
ဇိုမီးလူငယ်များ အသင်း (Zomi Youth Association) ကို ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ စတင် တည်ထောင်ခဲ့ပြီး သွေး လှူဒါန်းခြင်း အပြင်၊ နာရေး ကူညီခြင်း၊ အောက်စီဂျင်ဘူး ငှားရမ်းပေးခြင်း နှင့် တခြား လူမှု ကူညီရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ပါတယ်။