ဒီဇင်ဘာလ ၂ ရက်။
အာဏာသိမ်းမြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတကာဥပဒေတွေနဲ့အညီ ICC ၊ ICJ စတဲ့ နိုင်ငံတကာတရားစီရင်ရေးယန္တရားမှတဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် အစွမ်းကုန်အရှိန်မြှင့် ကြိုးစားအားထုတ်မယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF)၊ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) တို့က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများအတွက် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး(ICC) ရဲ့ အမှုစစ်ရှေ့နေချုပ်က နိုဝင်ဘာလ ၂၇ ရက်နေ့မှာ တရားရုံးကို လျှောက်ထားခဲ့ပါတယ်။
လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ဖမ်းဝရမ်းထုတ်ခံရဖို့အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကို နိုဝင်ဘာလ ၂၇ ရက်နေ့က လျှောက်ထားလိုက်တဲ့ (ICC) ရှေ့နေချုပ်ရဲ့ ဆောင်ရွက်ချက်ကို ကြိုဆိုတယ်လို့လည်း ချင်းအမျိုးသားတပ်ဦး (CNF)၊ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) တို့ရဲ့ပူးတွဲထုတ်ပြန်ချက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပတ်သက်ဆက်စပ်သူအားလုံး ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့ကြရမှာဖြစ်ပြီး စစ်တပ်တွင်းက တပ်မတော်သားအားလုံး အနေနဲ့ တပ်မတော်အား လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇတ်ဝတ်မှုတွေအတွက် တာဝန်ရှိသူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထဲကနေ ပြန်လည်ကယ်တင်ဖို့ ပြည်သူလူထုလိုလားတဲ့ နိုင်ငံရေးနဲ့ပတ်သက်မှုမရှိသော ပြည်သူလူထုကိုအကာကွယ်ပေးတဲ့ အကျိုးပြုတပ်မတော်အဖြစ် ဖက်ဒရယ် ဒီမိုကရေစီ အခြေခံမှုတွေနဲ့အညီ လုံခြုံရေးကဏ္ဍအသစ်ကို ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဝရမ်းထုတ်ခံရမယ့် စစ်ခေါင်းဆောင်က ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားဝင်ခြင်းမရှိဘဲ၊ သမိုင်းအမှောင်လမ်းထဲကို တိုးပြီး မိုက်တွင်းနက်ခြင်းသာဖြစ်ပြီး စစ်တပ်အတွက်သာမက တိုင်းပြည်အတွက်ပါ နိုင်ငံရေးထွက်ပေါက်လုံးဝဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ချင်းအမျိုးသားတပ်ဦး (CNF)၊ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) တို့က ပူးတွဲထုတ်ပြန်ထားပါတယ်။
အိမ်နီးချင်း အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စစ်ခေါင်းဆောင်က ဦးဆောင်လျက်ရှိတဲ့ စစ်အုပ်စုနဲ့ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်နေတဲ့ ဆက်ဆံရေးတွေကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားခြင်းကို အားပေးတဲ့ အခြေအနေမဖြစ်ပေါ်စေရေးအတွက် သတိပြုမှုကြဖို့ လိုအပ်လာပြီဖြစ်တယ်လို့လည်း ချင်းအမျိုးသားတပ်ဦး (CNF)၊ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) တို့ကပူးတွဲထုတ်ပြန်ထားပါတယ်။