နိုဝင်ဘာလ ၃၀ ရက်။
တွန်းဇံမြို့သိမ်း တိုက်ပွဲအပြီး ပထမ နှစ်ဝက် ၆ လ အတွင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ရဲ ၃ ဦး နှင့် Non CDM ဝန်ထမ်း ၃၀ ကျော်အလင်းဝင်လာခဲ့ပြီ လို့ နိုဝင်ဘာလ ၂၉ ရက်မှာ Tonzang Township Administration Board မှ ထုတ်ပြန်ခဲ့ ပါတယ်။
အလင်းဝင်လာသူ ရဲတပ်သားများဟာ ချင်းပြည်နယ် တွန်းဇံမြို့၊ မြို့နယ် ရဲစခန်း နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရှိ ရဲစခန်းများတွင် တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်ပြီး ယခုနှစ် ဩဂုတ်လတွင် အလင်းဝင်လာ ကြကာ တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့(ပအဖ)မှ ဘေးကင်း လုံခြုံရာသို့ ပို့ဆောင်ပြီးပြီ လို့လည်း ထုတ်ပြန်ချက် အရ သိရှိခဲ့ရ ပါတယ်။
အလင်းဝင်လာသူ Non CDM ဝန်ထမ်းများနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် CDM မူဝါဒ အတိုင်း၊ တွန်းဇံမြို့နယ် ပအဖ၏ မြို့နယ် CDM ကော်မတီမှ စီစစ် ဆောင်ရွက်လျက်ရှိပြီး အယောက် ၃၀ ကျော်ကို ခံဝန်ကတိနဲ့လက်ခံခဲ့ ပြီး ဖြစ်တယ် လို့လည်း ဆက်လက် သိရှိခဲ့ရ ပါတယ်။
တွန်းဇံ မြို့ခံ တစ်ဦးကတော့ “Non CDM ဝန်ထမ်းတွေကို အလင်းဝင်တယ်လို့ သုံး ထားပါတယ်။ သူတို့က မြို့သိမ်းပြီးမှ တာဝန်နှင့် ခံစားခွင့်ကို စွန့်လွတ်တာ မို့လို့ဖြစ်မယ်။ မြို့မသိမ်းခင် အထိ သူတို့က CDM ဝင်မထားတဲ့ လူတွေ ဖြစ်လို့ နေမယ်” လို့ သုံးသပ် ပြောဆိုခဲ့ ပါတယ်။
CNF နှင့် CDF-Tonzang ပါဝင်တဲ့ ချင်းလဲန်း ကောင်စီ အောက်ရှိ ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များမှ တွန်းဇံမြို့ကို ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့တွင် စစ်ကောင်စီလက်မှ သိမ်းပိုက်နိုင်ခဲ့ပါတယ်။