
ဇူလိုင်လ ၂၁ ရက်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ဘိန်းဖြူ ရရှိနိုင်မှု လျော့ကျသွားပြီး ဈေးနှုန်းတွေ မြင့်တက်လာပေမဲ့ ဆေးခြောက် သုံးစွဲမှု ပိုမို ကျယ်ပြန့်လာသလို ချောင်းဆိုးပျောက်ဆေး အလွဲသုံးစွဲမှုပါ ဆက်လက် မြင့်တက်နေတယ်လို့ အိုင်ဇောလ်မြို့မှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဓိက ကော်မတီက အစည်းအဝေးမှာ ထုတ်ဖော် ပြောဆိုပါတယ်။
ရဲတပ်ဖွဲ့၏ တင်ပြချက်အရ ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ်မှု ၃၁၉ မှု မှတ်ပုံတင်ခဲ့ပြီး လူပေါင်း ၄၈၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ၂၀၂၆ ခုနှစ် ဇွန်လအထိ ရဲတပ်ဖွဲ့က အမှုပေါင်း ၂၁၉ မှု မှတ်ပုံတင်ခဲ့ပြီး လူပေါင်း ၃၁၂ ဦးကို ဖမ်းဆီးထားပါတယ်။
မူးယစ်ဆေးဝါး သယ်ဆောင်သူတွေဟာ သယ်ယူပို့ဆောင်ရေး စနစ်တွေကို ပြောင်းလဲလာပြီး မူးယစ်ဆေးဝါး ပမာဏနည်းနည်းကို ခါတိုင်းထက် အကြိမ်ရေ ခပ်စိပ်စိပ် သယ်ဆောင်လာကြတာကြောင့် ဖမ်းဆီးရမိမှုနဲ့ အမှုအရေအတွက် ပိုမို များပြားလာတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဒါ့အပြင် တရားဥပဒေ စိုးမိုးရေး စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာတာနဲ့ ပစ္စည်းကိရိယာ ပိုမို ကောင်းမွန်လာတာတွေကလည်း ဖမ်းဆီးရမိမှု နှုန်းထား ပိုမိုမြင့်တက်လာစေဖို့ အထောက်အကူ ပြုခဲ့ပါတယ်။
မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဓိက ကော်မတီက ကျောင်းပညာရေး ဌာနနဲ့ ခရစ်ယာန်အသင်းတော် အဖွဲ့အစည်း အသီးသီးမှတစ်ဆင့် ကလေးငယ်များနှင့် လူငယ်များကို ပစ်မှတ်ထားသည့် အသိပညာပေး လှုပ်ရှားမှုများကို အစဉ်တစိုက် လုပ်ဆောင်သွားရန် လိုအပ်ကြောင်းကိုလည်း အဓိကထား ပြောကြားခဲ့ပါတယ်။
အစည်းအ၀းမှာ ကော်မတီအနေနဲ့ မီဇိုရမ်ပြည်နယ်ရဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဥပဒေ မူဘောင်ကို ပိုမို အားကောင်းလာစေဖို့ ပြည်နယ် သီးသန့် ဥပဒေ ရေးဆွဲရန် သို့မဟုတ် လက်ရှိ ဥပဒေကို ပြင်ဆင်ချက်များ အဆိုပြုရန် အဖွဲ့တစ်ခု ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

