
ဇူလိုင် ၂၁ ရက်။
စစ်ကောင်စီပြန်လည် ထိန်းချုပ်လိုက်တဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်နဲ့ ဖလမ်းမြို့နယ်တို့ကို အရေးပေါ်အခြေအနေ (စစ်အုပ်ချုပ်ရေး) ကြေညာထားတဲ့ စာရင်းကနေ ပယ်ဖျက်ကြောင်း ဒီကနေ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။
ချင်းပြည်နယ်က မြို့ ၅ မြို့အပါအဝင် မြို့နယ်ပေါင်း ၅၈ မြို့နယ်ကို စစ်အုပ်ချုပ်ရေး သက်တမ်းတိုးဖို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းဝေး မှာ နိုင်ငံတော်သမ္မတ (ကိုယ်စား) ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေရေးရာဝန်ကြီးဌာန ဒု – ဝန်ကြီးနှင့် ဒု- ရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ် ၆၀ ထဲကနေ သူတို့ပြန်သိမ်းပိုက်နိုင်ခဲ့တဲ့ ချင်းပြည်နယ်က ဖလမ်းမြို့နယ်နဲ့ တွန်းဇံမြို့တို့ကို ချန်လပ်ပြီး ကျန်တဲ့ ၅၈ မြို့နယ်ကို အရေးပေါ် အခြေအနေ ရက် ၉၀ ထပ်တိုးဖို့ ကိုလည်း အတည်ပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့ စစ်အုပ်ချုပ်ရေးအမိန့်ဟာ ဒီကနေ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ ရက် ၉၀ ပြည့်ပြီဖြစ်လို့ သက်တမ်းတိုးဖို့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။
လက်ရှိစစ်အုပ်ချုပ်ရေး သက်တမ်းတိုးမယ့် ၅၈ မြို့နယ်ထဲတွင် ချင်းပြည်နယ်က ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ မင်းတပ် နဲ့ မတူပီမြို့နယ်တို့ ပါဝင်ပါတယ်။

