
ဇွန်လ ၃ ရက်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ကျန်းမာရေးအရ အရက်သောက်ဖို့ မဖြစ်မနေလိုအပ်တဲ့ ပြည်သူတွေအတွက် ရည်ရွယ်ပြီး “Red Card” (ကတ်ပြားနီ) အမည်ရ အရက်တရားဝင်ဝယ်ယူသောက်သုံးခွင့် ပါမစ်ကို ဇွန်လ ၂ ရက်နေ့က စတင်ပြီး ထုတ်ပေးနေပြီဖြစ်သလို၊ အဲဒီပါမစ်အတွက် တစ်နှစ်စာ ခွင့်ပြုချက်ကြေး (Permit Fee) ကို ရူပီး ၅,၀၀0 အဖြစ် သတ်မှတ်လိုက်ကြောင်း မီဇိုရမ်ပြည်နယ်အစိုးရ၊ ယစ်မျိုးနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ယစ်မျိုးနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ကော်မရှင်နာ ဖြစ်သူ Z. Lalhmingaia က ” ပါမစ်သက်တမ်းကတော့ ခွင့်ပြုတဲ့နေ့ကစပြီး ၁ နှစ် တိတိ ဖြစ်ပါတယ်။ ဒီပါမစ်ကို လျှောက်ထားတဲ့အခါ ဆရာဝန်ရဲ့ ထောက်ခံချက် ဒါမှမဟုတ် ဆေးစာ အတိအကျ ပူးတွဲတင်ပြရမှာဖြစ်ပြီး၊ ကျန်းမာရေးအရ အရက်သောက်ဖို့ မလိုအပ်တဲ့ သာမန်ပြည်သူတွေအနေနဲ့ လျှောက်ထားခွင့် လုံးဝမရှိပါဘူး။ ဥပဒေအတိုင်း စစ်ဆေးအရေးယူမှုတွေကိုလည်း ပြတ်ပြတ်သားသား လုပ်ဆောင်သွားမှာပါ” လို့ အလေးအနက် သတိပေး ပြောကြားထားပါတယ်။
မီဇိုရမ်ပြည်နယ်ဟာ အရက်သောက်သုံးမှုကို အလုံးစုံ ပိတ်ပင်ထားတဲ့ ပြည်နယ်တစ်ခု ဖြစ်ပေမဲ့လည်း၊ ဆရာဝန်ရဲ့ ညွှန်ကြားချက် ဒါမှမဟုတ် သတ်မှတ်ထားတဲ့ ရောဂါဝေဒနာကြောင့် အရက်နဲ့ နိုင်ငံခြားဖြစ်အရက် (IMFL) ကို မဖြစ်မနေ သောက်သုံးဖို့ လိုအပ်နေတဲ့ လူနာတွေ အဆင်ပြေစေဖို့အတွက် အခုလို စီစဉ်ပေးရတာလို့ သိရပါတယ်။ ဒါကြောင့် အဲဒီ “Red Card” ပါမစ်ဟာ ပျော်ပါးဖို့ ဒါမှမဟုတ် မူးယစ်ရမ်းကားဖို့အတွက် မဟုတ်ဘဲ၊ ဆေးဝါးကုသမှုအဖြစ် အမှန်တကယ် လိုအပ်သူတွေပဲ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
မီဇိုရမ်အစိုးရရဲ့ စည်းမျဉ်းစည်းကမ်းချက်တွေအရ အဲဒီ “Red Card” ပါမစ် ရရှိထားသူတစ်ယောက်ဟာ လိုင်စင်ရ အရက်ဆိုင်တွေမှာ တစ်လကို သတ်မှတ်ထားတဲ့ ပမာဏအတိုင်းပဲ ကန့်သတ်ချက်နဲ့ တရားဝင် ဝယ်ယူခွင့် ရှိမှာဖြစ်ပါတယ်။
နိုင်ငံခြားဖြစ် အရက်ပြင်း (IMFL / Spirits) ဆိုရင် တစ်လကို အများဆုံး ၇၅၀ မီလီလီတာ ဆန့် ပုလင်းကြီး ၃ ပုလင်း၊ ဒါမှမဟုတ် ဘီယာ (Beer) ဆိုရင် တစ်လကို အများဆုံး ၆၅၀ မီလီလီတာ ဆန့် ၆ ပုလင်းပဲ ဝယ်ယူခွင့် ရရှိမှာ ဖြစ်ပါတယ်။
အခုလို ပါမစ်ထုတ်ပေးတာဟာ မီဇိုရမ်ပြည်နယ် အရက်တားမြစ်ပိတ်ပင်ရေး ပြင်ဆင်ချက်အက်ဥပဒေ ၂၀၂၅ (Mizoram Liquor Prohibition Amendment Act, 2025) ပုဒ်မ ၄၅-B(၁) အရ အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်ပါတယ်။
အခုပြင်ဆင်ချက် အက်ဥပဒေအရ ပါမစ်ကတ်ပြားမရှိဘဲ အရက်တရားမဝင် သောက်သုံးတာ၊ သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်လွန်ဝယ်ယူတာနဲ့ အရက်မှောင်ခိုရောင်းဝယ်တာတွေအတွက် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကိုလည်း သတ်မှတ်ထားပါတယ်။ ပါမစ်မရှိဘဲ အရက်မှောင်ခိုသယ်ယူတာ၊ ရောင်းချတာ ဒါမှမဟုတ် သိုလှောင်တာတွေ ပြုလုပ်ရင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ထောင်ဒဏ် ၅ နှစ်အထိ ကျခံရမည့်အပြင်၊ ရူပီး ၅၀,၀၀0 ကနေ ရူပီး ၁,၀၀0,၀၀0 အထိ ငွေဒဏ်ပါ ပူးတွဲချမှတ်ခံရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် မိမိရရှိထားတဲ့ “Red Card” ပါမစ်ကို သုံးပြီး အခြားသူတွေအတွက် အကျိုးအမြတ်ယူကာ ပြန်လည်ရောင်းချပေးတာ ဒါမှမဟုတ် စည်းကမ်းဖောက်ဖျက်တာတွေ စစ်ဆေးတွေ့ရှိရင် အဲဒီပါမစ်ကို ချက်ချင်းပယ်ဖျက်မယ့်အပြင်၊ အနည်းဆုံး ထောင်ဒဏ် ၆ လကနေ ငွေဒဏ် ရူပီး ၁၀,၀၀၀ အထိ ချမှတ်သွားမှာ ဖြစ်ပါတယ်။
ပါမစ်လျှောက်ထားလိုသူတွေဟာ အိုင်ဇောလ်မြို့ ယစ်မျိုးနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ကော်မရှင်နာရုံး ဒါမှမဟုတ် သက်ဆိုင်ရာ ခရိုင်အသီးသီးက ယစ်မျိုးရုံးတွေမှာ လျှောက်လွှာပုံစံတွေကို ရူပီး ၅၀ နဲ့ ဝယ်ယူ လျှောက်ထားနိုင်တယ်လို့ Times of India ရဲ့ဖော်ပြချက်အရသိရပါတယ်။

