
ဇွန်လ ၃ ရက်။
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ၊ လေတပ်ရွာနားက ချောင်းမှာရေချိုးရင်း ကန်ပက်လက်မြို့နယ်က ဒေသခံလူငယ်တစ်ဦးဟာ ဇွန်လ ၂ ရက်နေ့ ညနေပိုင်းမှာ မတော်တဆရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကန်ပက်လက်မြို့နယ်၊ ငုံလောင်းရွာက အသက် (၁၉)နှစ်အရွယ် မောင်လိန်းနိုင်းဟာ ထန်တလန်မြို့နယ်၊ လေတပ်ရွာအနားက ချောင်းမှာ မနေ့ညနေပိုင်းလောက်မှာ ရေချိုးရင်း မတော်တဆရေနစ်သေဆုံးခဲ့တာလို့ သိရပါတယ်။
ရေနစ်သေဆုံးသွားတဲ့ အသက် (၁၉)နှစ်အရွယ် မောင်လိန်းနိုင်းရဲ့ မိဘတွေဟာလည်း ကန်ပက်လက်မြို့နယ်မှာ လက်ရှိစစ်ကောင်စီထိုးစစ်ကြောင့် စစ်ဘေးရှောင်နေကြလို့ အဆက်အသွယ် မရသေးတဲ့ကြောင်းလည်း ဒေသခံတွေကပြောပါတယ်။
သေဆုံးသူ အသက် (၁၉)နှစ်အရွယ် မောင်လိန်းနိုင်းရဲ့ ရုပ်အလောင်းကို ထန်တလန်မြို့နယ် ၊ လေတပ်ရွာ ရပ်မိရပ်ဖတွေက လေတပ်ရွာခန်းမဆောင်မှာထားရှိပြီး သဂြိုလ်တာတွေကို ဆက်လုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ကွယ်လွန်သွားတဲ့ အသက် (၁၉)နှစ်အရွယ် မောင်လိန်းနိုင်းဟာ လာမယ့် ပညာသင်နှစ်တွင် ၁၁ တန်းတက်ရောက်မယ့် ကျောင်းသားတစ်ဦးလည်းဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ကတည်းကနေ လေတပ်ရွာကို ရောက်ရှိကာ ကျောင်းတက်နေတဲ့ ကျောင်းသားလည်းဖြစ်တယ်လို့ သိရပါတယ်။

