
ဇွန်လ ၃ ရက်။
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ပြန်မယ့်ကလေးမြို့က ဖလမ်းဒေသခံစစ်ရှောင်ပြည်သူတွေအတွက် ဇွန်လ ၅ ရက်နေ့မှာ ဖလမ်းမြို့ကို ပြန်နိုင်ဖို့ Falam Pawlpi Falam က နောက်ဆုံးအနေဖြင့် စီစဉ်ပေးတဲ့ ခရီးစဉ်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Falam Pawlpi Falam အစီအစဉ်ဖြင့် ကလေးမြို့ကို စစ်ဘေးရှောင်နေတဲ့ ဖလမ်းဒေသခံပြည်သူတွေအတွက် ဖလမ်းနေရပ်ပြန်ဖို့ ၆ ဘီးကားနဲ့ ကားသေး စီစဉ်ထားပြီး နေရပ်ဖလမ်းပြန်ချင်တဲ့သူတွေအနေနဲ့ ဇွန်လ ၄ ရက်နေ့ မနက်ဖြန်မှာ ကလေးမြို့ ၊ တောင်ဖီလာ အ.ထ.က (၂) ကျောင်းရှေ့မှာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း ပစ္စည်းတွေ ကြိုတင် ပို့ဆောင်လို့ ရပြီဖြစ်ပြီး ဇွန်လ ၅ ရက်နေ့ မနက် ၆ နာရီ ခွဲဝန်းကျင်လောက်မှာ အဲဒီကနေ ထွက်ခွာမှာဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။
Falam Pawlpi Falam ဘက်က တာဝန်ရှိသူတစ်ဦးက “ အခုဒီတခေါက်က Falam Pawlpi Falam က ဖလမ်းနေရပ်ပြန်ချင်သူတွေအတွက် နောက်ဆုံးစီစဉ်ဆောင်ရွက်ပေးတာဖြစ်တယ် လူစီးခလည်း မရှိဘူး ပစ္စည်းကိုလည်း လူတစ်ဦးမှာ အိတ် ၂ အိတ်သယ်လို့ရတယ် အဲဒီထက်ပိုသယ်ချင်သူတွေက သယ်ဆောင်ခပေးရမှာဖြစ်တယ် ။ ဒီနောက်ပိုင်းတော့ Minister Fellowship စီစဉ်ဆောင်ရွက်ပေးမှုနဲ့ သွားကြမှာဖြစ်တယ်”လို့ပြောပါတယ်။
ဖလမ်းမြို့ကို စစ်ကောင်စီပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် နေရပ်ပြန်ချင်တဲ့ ဒေသခံတွေကို Falam Pawlpi Falam က ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ လောက်ကစလို့ ကားစီပေးတာတွေကို လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်တဲ့ ဖလမ်းမြို့တွင် ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ၊ ဝန်ထမ်းမိသားစုတွေ ရာနဲ့ချီဟာ ဖလမ်းကို ပြန်လည် အခြေချတာတွေ ရှိခဲ့ပြီး ဌာနဆိုင်ရာအသီးသီးနဲ့ ကျောင်းတွေကိုလည်း ဇွန်လ ကစလို့ စတင်ဖွင့်လှစ်နေကြပြီလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

