Headlines

မြန်မာစစ်ဘေးရှောင်အရေးကြောင့် ရွေးကောက်ပွဲကာလ မီဇိုရမ်မဲစာရင်းအပေါ် ကျရောက်လာသည့် စိုးရိမ်မှုနှင့် ဖိအားများ

DonBosco

ဇွန်လ ၂၄ ရက်။

အိန္ဒိယနိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းတွေအရ မီဇိုရမ်ပြည်နယ်လွှတ်တော် သက်တမ်းဟာ ၅ နှစ် ဖြစ်တာမို့လို့ ပြည်နယ်ရွေးကောက်ပွဲကြီးတွေကို ၅ နှစ်လျှင် တစ်ကြိမ် ပုံမှန်ကျင်းပလေ့ရှိပြီး များသောအားဖြင့် နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလတွေမှာ ပြုလုပ်လေ့ရှိပါတယ်။  လာမယ့်ရွေးကောက်ပွဲကြီးဟာ ၂၀၂၈ ခုနှစ် အနှောင်းပိုင်းမှာ ဖြစ်လာမှာပါ။

အဆိုပါ လာမည့်ရွေးကောက်ပွဲအတွက် အိန္ဒိယရွေးကောက်ပွဲကော်မရှင်က မဲစာရင်းအထူးကြပ်မတ်ပြင်ဆင်ခြင်း (SIR) လုပ်ငန်းစဉ်တွေကို လက်ရှိမှာ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းစဉ်အပေါ် မီဇိုရမ်ပြည်နယ်ရဲ့ သြဇာရှိအရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ မီဇိုကျောင်းသားအဖွဲ့ချုပ် (MZP) က အပြည့်အဝထောက်ခံကြောင်း ပြောကြားလိုက်သော်လည်း မဲစာရင်းတွေမှာ တရားမဝင် နိုင်ငံခြားသားတွေ ပါဝင်လာမယ့်အရေးကို အထူးစိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာစစ်ဘေးရှောင်များအရေးနှင့် မီဇိုရမ်မဲစာရင်းအပေါ် သွယ်ဝိုက်သက်ရောက်လာသည့် ဖိအားများ

တစ်ဖက်တွင်လည်း မီဇိုရမ်ပြည်နယ်ထဲမှာ ယခုလို မဲစာရင်းအထူးကြပ်မတ်ပြင်ဆင်ခြင်း (SIR) လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေချိန်တွင် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုနောက်ပိုင်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဘက်ကနေ ထွက်ပြေးခိုလှုံလာကြသည့် မြန်မာစစ်ဘေးရှောင် ၆၀,၀၀၀ ကျော်ရဲ့ အရေးကိစ္စဟာလည်း ပြည်နယ်တွင်း ရွေးကောက်ပွဲနဲ့ မဲစာရင်းသန့်ရှင်းရေးဆိုင်ရာ ဆွေးနွေးမှုတွေမှာ သွယ်ဝိုက်တဲ့ ဖိအားတစ်ခု ဖြစ်လာနေပါတယ်။

မီဇိုရမ်ပြည်နယ်ရဲ့ သြဇာရှိအရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ မီဇိုကျောင်းသားအဖွဲ့ချုပ် (MZP) နဲ့ ဒေသခံလူမှုအဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံက လာရောက်ခိုလှုံသူ ချင်းလူမျိုးတွေကို “ဇို (Zo) မျိုးနွယ်စု” ချင်း တူညီတဲ့အတွက် လူသားချင်းစာနာမှုအရ ကျောင်းတက်ခွင့်နဲ့ ခိုလှုံရာနေရာတွေ ပံ့ပိုးကူညီထားသော်လည်း ၎င်းတို့ကို “ယာယီခိုလှုံသူများ” အဖြစ်သာ သတ်မှတ်ထားပါတယ်။ မြန်မာစစ်ဘေးရှောင်တွေဟာ အိန္ဒိယနိုင်ငံသားတွေ မဟုတ်တဲ့အတွက် မီဇိုရမ်ပြည်နယ်ရဲ့ နိုင်ငံရေးနဲ့ ရွေးကောက်ပွဲတွေမှာ မဲပေးပိုင်ခွင့် သို့မဟုတ် မဲစာရင်းထဲမှာ ပါဝင်ခွင့် လုံးဝမရှိစေရဘူးလို့ ကျောင်းသားအဖွဲ့တွေက အတိအကျ ရပ်တည်ထားပါတယ်။

ယခုကျင်းပနေတဲ့ မဲစာရင်းအထူးကြပ်မတ်ပြင်ဆင်မှု (SIR) ကာလအတွင်း မြန်မာစစ်ဘေးရှောင်တွေထဲက တစ်ဦးတစ်လေမျှ မဲစာရင်းထဲမှာ မှားယွင်းရောနှော မပါဝင်သွားစေဖို့အတွက် ကျောင်းသားအဖွဲ့တွေနဲ့ ရွေးကောက်ပွဲအရာရှိတွေက ဒေသအလိုက် မျက်စိဒေါက်ထောက် စောင့်ကြည့်မှုတွေ ပြုလုပ်နေကြပါတယ်။ အထူးသဖြင့် စစ်ဘေးရှောင်ကာလ ၅ နှစ်နီးပါး ကြာမြင့်လာတာနဲ့အမျှ ဒေသခံတွေနဲ့ ရောနှောပြီး မဲစာရင်းထဲကို အသွင်ပြောင်းဝင်ရောက်လာမယ့် အခြေအနေမျိုး မရှိစေဖို့ ကျောင်းသားအဖွဲ့တွေက ပိုမိုတင်းကျပ်စွာ စိစစ်လျက်ရှိပါတယ်။

၂၀၂၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံဘက်က စစ်ဘေးရှောင်တွေ မီဇိုရမ်ပြည်နယ်ထဲကို ထောင်နဲ့ချီပြီး ရောက်ရှိနေခဲ့တာမို့လို့ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲဟာ စစ်ဘေးရှောင်တွေ ရောက်ရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကြုံတွေ့ရတဲ့ ရွေးကောက်ပွဲကြီး ဖြစ်ပါတယ်။ အဲဒီတုန်းက မီဇိုရမ်ပြည်နယ်အစိုးရနဲ့ ရွေးကောက်ပွဲအာဏာပိုင်တွေဟာ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီး တင်းကျပ်စွာ ခွဲခြားစီမံခန့်ခွဲခဲ့ကြပါတယ်။

အိန္ဒိယရွေးကောက်ပွဲဥပဒေအရ အိန္ဒိယနိုင်ငံသား စစ်စစ်တွေသာ မဲပေးခွင့်ရှိတာမို့လို့ မြန်မာစစ်ဘေးရှောင်တွေကို မဲစာရင်းထဲမှာ လုံးဝမပါဝင်စေဖို့ ရွေးကောက်ပွဲကော်မရှင်က အထူးစိစစ်ခဲ့ပါတယ်။ ချင်းစစ်ဘေးရှောင်တွေကို လူသားချင်းစာနာမှုအရ ကူညီထားပေမဲ့ ရွေးကောက်ပွဲနေ့မှာတော့ မဲရုံတွေရှိရာ နယ်မြေတွေထဲ ဝင်ရောက်ခွင့်မပြုဘဲ သူတို့ရဲ့ ဒုက္ခသည်စခန်းတွေထဲမှာပဲ ငြိမ်ငြိမ်ဆိမ်ဆိမ် နေထိုင်ကြဖို့ ကြိုတင်ညွှန်ကြားထားခဲ့ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့တွေမှာ ဒေသခံကျောင်းသားအဖွဲ့တွေ (MZP) နဲ့ လုံခြုံရေးတာဝန်ရှိသူတွေဟာ စစ်ဘေးရှောင်စခန်းတွေကို မျက်စိဒေါက်ထောက် စောင့်ကြည့်ခဲ့ကြပါတယ်။ ဒါဟာ ဒေသတွင်းက နိုင်ငံရေးပါတီအချို့က မဲရလဒ်အသာစီးရဖို့အတွက် စစ်ဘေးရှောင်တွေကို တရားမဝင် မဲစာရင်းထဲ ထည့်သွင်းတာမျိုး သို့မဟုတ် လူစားလဲ မဲပေးခိုင်းတာမျိုး လုံးဝမရှိစေဖို့ တားဆီးပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ ရွေးကောက်ပွဲကာလတုန်းက အာဏာရပါတီဟောင်းဖြစ်တဲ့ MNF က မြန်မာဘက်က ချင်းစစ်ဘေးရှောင်တွေကို “ဇိုမျိုးနွယ်စု ညီအစ်ကိုများ” အဖြစ် ပွင့်လင်းတံခါးမူဝါဒနဲ့ လက်ခံစောင့်ရှောက်ပေးခဲ့တာကို သူတို့ရဲ့ အမျိုးသားရေးအောင်နိုင်မှုတစ်ခုအဖြစ် မဲဆွယ်စည်းရုံးရေးမှာ အဓိက သုံးစွဲခဲ့ပါတယ်။ အတိုက်အခံပါတီတွေကတော့ စစ်ဘေးရှောင်တွေကို ကူညီတာကို လက်ခံပေမဲ့ ပြည်နယ်ရဲ့ ဘဏ္ဍာရေးကျပ်တည်းမှုနဲ့ လုံခြုံရေးအရ စနစ်တကျ ပြန်လည်ထိန်းညှိဖို့ လိုအပ်ကြောင်း အခြေအတင် ဆွေးနွေးငြင်းခုံခဲ့ကြပါတယ်။

အိန္ဒိယဗဟိုအစိုးရ (ဒေလီ) ဘက်က “မြန်မာစစ်ဘေးရှောင်တွေဟာ အချိန်ကြာလာရင် မီဇိုရမ်ပြည်နယ်ရဲ့ မဲစာရင်းထဲမှာ ရောနှောပါဝင်သွားပြီး အိန္ဒိယနိုင်ငံသားအဖြစ် အလိုအလျောက် ရောက်ရှိသွားနိုင်တယ်” လို့ စိုးရိမ်ပူပန်နေပြီး ၎င်းတို့ရဲ့ ဇီဝအချက်အလက် (Biometrics) တွေ ကောက်ယူဖို့နဲ့ ပြန်လည်နှင်ထုတ်ဖို့ မီဇိုရမ်ပြည်နယ်အစိုးရအပေါ် ဖိအားပေးမှုတွေ ရှိနေပါတယ်။

 သို့သော် မီဇိုရမ်ဝန်ကြီးချုပ် Lalduhoma နဲ့ MZP အပါအဝင် ဒေသခံအဖွဲ့အစည်းတွေက လူသားချင်းစာနာမှုအရ ကာကွယ်ပေးထားပါတယ်။

ထို့ကြောင့် မဲစာရင်းပြင်ဆင်မှု (SIR) လုပ်ငန်းစဉ်မှာ နိုင်ငံခြားသားတွေ လုံးဝမပါဝင်စေရလို့ MZP က အသံထွက်တောင်းဆိုနေတာဟာ အောက်တွင် ဖော်ပြထားသည့် ဘင်္ဂလားဒေ့ရှ်ဘက်က ဝင်ရောက်လာတဲ့ ချက္ကမ (Chakma) လူမျိုးတွေကို အဓိက ပစ်မှတ်ထားတာဖြစ်ပေမဲ့ တစ်ဖက်မှာလည်း မြန်မာစစ်ဘေးရှောင်တွေကြောင့် ဗဟိုအစိုးရထံက လာတဲ့ နိုင်ငံရေးဖိအားတွေကို တုံ့ပြန်ဖို့နဲ့ မီဇိုရမ်ပြည်နယ်ရဲ့ မဲဆန္ဒရှင်အရေအတွက် အချိုးအစား မှန်ကန်မှုကို ထိန်းသိမ်းဖို့အတွက်ပါ ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။

ရှည်လျားလှသည့် စိုးရိမ်ပူပန်မှုသမိုင်းကြောင်း

မီဇိုရမ်ပြည်နယ်နဲ့ ပြည်နယ်သူပြည်နယ်သားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် မိမိတို့အဖွဲ့အနေနဲ့ ရေရှည်ပါဝင်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း MZP ဥက္ကဋ္ဌက ပြောဆိုပါတယ်။ အိန္ဒိယနိုင်ငံသား မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ဝင်ရောက်လာတယ်လို့ ဆိုကြတဲ့ ချက္ကမ (Chakma) လူမျိုး နိုင်ငံခြားသားတွေ မဲစာရင်းထဲမှာ ပါဝင်နေမှုအပေါ် အရင်ကတည်းက စိုးရိမ်ပူပန်မှုတွေ ရှိခဲ့တာကိုလည်း အဖွဲ့က ပြန်လည်အမှတ်ရဖော်ပြခဲ့ပါတယ်။

“မဲစာရင်းတွေထဲမှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေ ပါဝင်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး MZP အနေနဲ့ နှစ်ပေါင်းများစွာ အစဉ်တစိုက် စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ပါတယ်” ဟု ဥက္ကဋ္ဌ Lalremruata က ပြောဆိုပါတယ်။

၁၉၉၅ ခုနှစ် ဒီဇင်ဘာလအတွင်းက လုပ်ဆောင်ခဲ့တဲ့ မဲစာရင်းအထူးပြင်ဆင်မှု ကာလအတွင်းမှာလည်း အဖွဲ့ဝင်တွေအနေနဲ့ မီဇိုရမ်ပြည်နယ်အနှံ့ရှိ ရွေးကောက်ပွဲအရာရှိတွေကို ကူညီပြီး မဲစာရင်းတွေကို စစ်ဆေးပေးခဲ့ကြောင်း ကျောင်းသားအဖွဲ့ချုပ်က ဆိုပါတယ်။ အဆိုပါလုပ်ငန်းစဉ်အတွင်း နိုင်ငံခြားသားလို့ ယူဆရသူတွေရဲ့ အမည်ပေါင်း ထောင်နဲ့ချီကို မဲစာရင်းကနေ ပယ်ဖျက်နိုင်ခဲ့ပြီး၊ တလာဘန် (Tlabung) မဲဆန္ဒနယ်တစ်ခုတည်းမှာတင် မဲဆန္ဒရှင် ၄,၀၀၀ ကျော်ကို ဖယ်ရှားနိုင်ခဲ့ကြောင်း MZP က ပြောပါတယ်။

ဒါ့အပြင် မီဇိုရမ်ပြည်နယ်အတွင်းရှိ ချက္ကမနိုင်ငံခြားသားတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ၁၉၉၆ ခုနှစ် မေလမှာ အိုက်ဇောလ်မြို့ကနေ ချောင်ဒေး (Chawngte) မြို့အထိ ခရီးရှည်ချီတက်ပွဲတစ်ရပ်ကို ကျင်းပခဲ့တာကိုလည်း MZP က ပြန်လည်အမှတ်ရဖော်ပြခဲ့ပါတယ်။

လက်ရှိ စိုးရိမ်ပူပန်မှုများ

ယခုလုပ်ဆောင်နေတဲ့ မဲစာရင်းပြင်ဆင်မှု လုပ်ငန်းစဉ်အတွင်းမှာလည်း နိုင်ငံခြားသားဦးရေ သိသိသာသာ တိုးပွားလာနေတယ်လို့ ယူဆရတဲ့ သတ်မှတ်မဲဆန္ဒနယ်အချို့က မဲစာရင်းအချက်အလက်တွေကို စစ်ဆေးခဲ့ကြောင်း MZP က ဆိုပါတယ်။

၂၀၀၅ ခုနှစ် မဲစာရင်းနဲ့ နောက်ဆုံးထွက်ပေါ်လာတဲ့ ၂၀၂၄ ခုနှစ် မဲစာရင်းတို့ကို နှိုင်းယှဉ်ကြည့်တဲ့အခါ ချက္ကမလူမျိုးတွေ အများစုနေထိုင်ရာဒေသတွေမှာ မဲဆန္ဒရှင်အရေအတွက် ပုံမှန်မဟုတ်ဘဲ အဆမတန် တိုးပွားလာနေတာ၊ ၂၀၀၅ ခုနှစ် မဲစာရင်းမှာ မရှိခဲ့တဲ့ ကျေးရွာအသစ် ၉၇ ရွာ ပေါ်ပေါက်လာတာ၊ အချို့သူတွေမှာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံသားအထောက်အထား ရှိနေတာတွေအပြင် အိမ်နံပါတ်မပါဘဲ မဲစာရင်းသွင်းထားတာတွေကို တွေ့ရှိခဲ့ရကြောင်း အဖွဲ့က အခိုင်အမာ ပြောဆိုပါတယ်။

“မဲဆန္ဒရှင်အရေအတွက် တိုးလာနေတဲ့အပေါ် ကျွန်တော်တို့ စိုရိမ်မိပါတယ်” လို့ ဥက္ကဋ္ဌက EastMojo သတင်းဌာနကို ပြောဆိုပါတယ်။ “ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဒီမဲစာရင်းပြင်ဆင်မှုကို ဘက်လိုက်မှုမရှိဘဲ ထိထိရောက်ရောက် လုပ်ဆောင်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ မဲပေးပိုင်ခွင့်မရှိသူ အားလုံးကို ရှာဖွေဖော်ထုတ်ရပါမယ်” လို့ ဆိုပါတယ်။

ဥပဒေနဲ့မညီဘဲ မဲစာရင်းထဲမှာ ပါဝင်နေတဲ့ အမည်စာရင်းအားလုံးကို ဖယ်ရှားပေးဖို့ ရွေးကောက်ပွဲအာဏာပိုင်တွေကို အဆိုပါအဖွဲ့က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ခရိုင်ရွေးကောက်ပွဲအရာရှိများ (DEOs)၊ မဲစာရင်းမှတ်ပုံတင်အရာရှိများ (EROs)၊ တွဲဖက်မဲစာရင်းမှတ်ပုံတင်အရာရှိများ (AEROs) နဲ့ အဆင့်ဆင့်သော အရာရှိများ (BLOs) အနေနဲ့ မိမိတို့ရဲ့ တာဝန်တွေကို ရိုးသားတိကျစွာ ထမ်းဆောင်ကြဖို့နဲ့ နိုင်ငံသားမဟုတ်သူတွေ မဲစာရင်းထဲ မပါဝင်လာစေရေး တားဆီးအရေးယူပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

အဆိုပါ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဆိုင်ရာ အရာရှိချုပ်ထံသို့ တရားဝင် အမှုဖွင့်တိုင်ကြားစာ ပေးပို့သွားဖို့ စီစဉ်နေကြောင်း MZP က ပြောပါတယ်။ ယခုလုပ်ဆောင်နေတဲ့ SIR လုပ်ငန်းစဉ်အတွင်း သူတို့တိုင်ကြားထားတဲ့ ကျေးရွာပေါင်း ၁၉၅ ရွာကို သေချာစွာ စိစစ်ပေးဖို့နဲ့ ခရိုင်ရွေးကောက်ပွဲအရာရှိတွေနဲ့ ပူးပေါင်းပြီး ထပ်မံစစ်ဆေးမှုတွေ လုပ်ဆောင်ပေးဖို့ အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။ ဒီသတင်းကို ဖော်ပြတဲ့အချိန်မှာတော့ အဆိုပါ တိုင်ကြားစာကို ပေးပို့ထားပြီးဖြစ်ကြောင်း ဥက္ကဋ္ဌက EastMojo သို့ ပြောကြားခဲ့ပါတယ်။

မဲစာရင်းပြင်ဆင်မှုနှင့် ပတ်သက်သည့် သမိုင်းဝင် ပြဿနာများ

မီဇိုရမ်ပြည်နယ်မှာ မဲစာရင်းပြင်ဆင်မှု လုပ်ငန်းစဉ်ဟာ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ငြင်းခုံစရာ ကိစ္စရပ်တစ်ခု ဖြစ်ခဲ့ပြီး၊ နိုင်ငံခြားသားများကိစ္စဟာ အမြဲတမ်း အဓိကဆွေးနွေးစရာ ဖြစ်နေခဲ့တာပါ။

၁၉၉၅ ခုနှစ် ဇန်နဝါရီလအတွင်းက မီဇိုကျောင်းသားအဖွဲ့ချုပ်ဟာ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း ပြည်နယ်တွင်း ဝင်ရောက်လာတဲ့ ချက္ကမလူမျိုးတွေကို “ထွက်ခွာကြရန် သတိပေးချက်” (Quit Notices) များ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ချက္ကမလူမျိုး ထောင်ပေါင်းများစွာရဲ့ အမည်တွေကို မဲစာရင်းကနေ ပယ်ဖျက်ခဲ့ပါတယ်။ ၁၉၁၆ ခုနှစ် ဇန်နဝါရီလတစ်ခုတည်းမှာတင် အိုက်ဇောလ်ခရိုင်အတွင်းရှိ ချက္ကမမဲဆန္ဒရှင် ၂,၈၈၆ ဦးကို မဲစာရင်းကနေ ပယ်ဖျက်ခဲ့ပါတယ်။ 

အချို့သောအခြေအနေတွေမှာ တစ်ဦးချင်း တိုင်ကြားချက်တွေကြောင့် ကျေးရွာတစ်ရွာလုံး မဲစာရင်းကနေ ကျန်ရစ်ခဲ့တာမျိုးတွေ ရှိခဲ့ပြီး မီဇိုအမျိုးသား တက်ကြွလှုပ်ရှားသူတွေက မဲစာရင်းမှာ ဘယ်သူကျန်ရစ်မလဲဆိုတာကို ပြည်နယ်အစိုးရရဲ့ ကူညီပံ့ပိုးမှုနဲ့ အဓိက ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ချက္ကမလူမျိုးစု ခေါင်းဆောင်တွေက သူတို့လူမျိုးစုတွေအတွက် သီးသန့်ဗဟိုအုပ်ချုပ်ရေးနယ်မြေ (Union Territory) တစ်ခု သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အိန္ဒိယဗဟိုအစိုးရကတော့ ၁၉၉၇ ခုနှစ်မှာ အသနားခံစာဆိုင်ရာ ရာဂျာဆာဗာကော်မတီ (Rajya Sabha Committee on Petitions) တစ်ခုကို ဖွဲ့စည်းပေးခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်ကောင်စီကို တိုးချဲ့ဖွဲ့စည်းပေးဖို့ အကြံပြုခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ရွေးကောက်ပွဲအရာရှိချုပ် (CEO) အရှုပ်တော်ပုံ

၂၀၁၈ ခုနှစ်အတွင်းမှာတော့ အိန္ဒိယရွေးကောက်ပွဲကော်မရှင်ဟာ မီဇိုရမ်ပြည်နယ် ရွေးကောက်ပွဲအရာရှိချုပ် (CEO) ဖြစ်သူ SB Shashank ကို ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။ နိုဝင်ဘာလ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ Shashank ကို ရာထူးကနေ ဖယ်ရှားပေးဖို့ ပြည်နယ်အတွင်း ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် Ashish Kundra ကို ရွေးကောက်ပွဲအရာရှိချုပ်အသစ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

Shashank နဲ့ ပြည်နယ်အစိုးရ, လူမှုအဖွဲ့အစည်းတွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ရတာကတော့ မီဇိုရမ်ပြည်နယ် အထွေထွေအတွင်းရေးမှူးချုပ် (ပြည်ထဲရေး) Lalninmawia Chuaungo ဟာ ပြည်နယ်ရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ ဝင်ရောက်စွက်ဖက်နေတယ်လို့ Shashank က တိုင်ကြားခဲ့ရာကနေ စတင်ခဲ့တာပါ။

၁၉၉၇ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ လူမျိုးစုပဋိပက္ခတွေကြောင့် ထရီပူရ (Tripura) ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဘရူး (Bru) ဒုက္ခသည်တွေရဲ့ မဲစာရင်းပြင်ဆင်မှု လုပ်ငန်းစဉ်တွေမှာ Chuaungo က တက်ကြွစွာ ပါဝင်ပတ်သက်နေခဲ့တယ်လို့ Shashank က စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဒီတိုင်ကြားချက်ကြောင့် Chuaungo ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီး၊ ဒါကို မကျေနပ်တဲ့အတွက် အိုက်ဇောလ်မြို့ရှိ CEO ရုံးရှေ့မှာ Shashank ကို ဆန့်ကျင်တဲ့ အကြီးအကျယ် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဝန်ကြီးချုပ်ကိုယ်တိုင်လည်း ဝန်ကြီးချုပ် နရန်ဒရာမိုဒီထံ စာရေးသားပြီး Shashank ကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒေလီမြို့ရှိ ရွေးကောက်ပွဲကော်မရှင်နာချုပ်က ဆင့်ခေါ်ခဲ့ပြီးနောက် Shashank ဟာ ပြည်နယ်ကနေ ထွက်ခွာသွားခဲ့တာကြောင့် အဆိုပါ ဆန္ဒပြတောင်းဆိုမှုတွေ ပြီးဆုံးသွားခဲ့ပါတယ်။

မီဇိုရမ်ပြည်နယ်အတွင်းရှိ မီဇိုကျောင်းသားအဖွဲ့ချုပ် (MZP) အနေနဲ့ သမိုင်းကြောင်းအရ အမြဲတမ်း ပြဿနာရှိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ချက္ကမလူမျိုးတွေအရေးကိုသာမက၊ လက်ရှိ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာနေတဲ့ မြန်မာနိုင်ငံက ချင်းစစ်ဘေးရှောင်တွေရဲ့ ကိစ္စကိုလည်း ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး အထူးဂရုပြု စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ မီဇိုရမ်ပြည်သူတွေနဲ့ လူမျိုးစုချင်း တူညီကြလို့ မြန်မာစစ်ဘေးရှောင်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးထားပေမဲ့၊ သူတို့ဟာ နိုင်ငံသားအခွင့်အရေး မရှိတဲ့အတွက် မဲစာရင်းတွေထဲမှာ သွယ်ဝိုက်ရောနှော ပါဝင်လာတာမျိုး လုံးဝမရှိစေဖို့ တားဆီးပိတ်ပင်ထားပါတယ်။

လာမည့် ၂၀၂၈ ခုနှစ် ပြည်နယ်ရွေးကောက်ပွဲကြီး မတိုင်မီ ပြုလုပ်တဲ့ ယခုလို မဲစာရင်းအထူးကြပ်မတ်ပြင်ဆင်မှု (SIR) ကာလအတွင်း နိုင်ငံခြားသားတွေ အသွင်ပြောင်းဝင်ရောက်လာမယ့် အရေးကို တင်းကျပ်စွာ စစ်ဆေးနေတာဟာ ပြည်နယ်တွင်း ရွေးကောက်ပွဲသန့်ရှင်းရေး၊ လူဦးရေအချိုးအစား မှန်ကန်ရေးနဲ့ အိန္ဒိယဗဟိုအစိုးရထံက လာမယ့် နိုင်ငံရေးဖိအားတွေကို ကြိုတင်ကာကွယ်ဖို့အတွက် လက်ရှိမြေပြင်မှာ မဖြစ်မနေ လုပ်ဆောင်ရမယ့် ခြေလှမ်းသစ်တစ်ခု ဖြစ်လာနေပါတယ်။

Sources:

Mizoram: MZP backs voter roll revision, flags foreign nationals concern, EastMojo

MZP backs voter roll revision, flags foreign nationals concern, The Frontier Despatch

Directorate of Information & Public Relations (DIPR), Mizoram

In Mizoram polls, the shadow of the Myanmar crisis – and a debate on Mizo identity – Scroll.in

“Mizoram Polls: How the Influx of Refugees From Myanmar and Manipur is Shaping the Political Discourse”– The Wire

Mizo Zirlai Pawl (MZP) Official Statements

Leave a Reply

Your email address will not be published. Required fields are marked *