
ဇွန်လ ၁၀ ရက်။
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေတဲ့ မြန်မာစစ်ဘေးရှောင်များအပါအဝင် ဒုက္ခသည်များကို ဗဟိုအစိုးရက ယခုဇွန်လမကုန်မီ ဆန်အခမဲ့ဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့ မီဇိုရမ်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဆိုပါဆန်များကို အိန္ဒိယဗဟိုအစိုးရက ထောက်ပံ့ပေးမှာဖြစ်ပြီး စုစုပေါင်း မက်ထရစ်တန်ချိန် ၁,၂၉၁ တန်ကျော်ရှိကြောင်း ဖော်ပြထားပြီး ဆန်တွေကိုလည်း ခရိုင်အသီးသီးရှိ ဂိုဒေါင်များသို့ ပို့ဆောင်ထားပြီးဖြစ်ကာ ဇွန်လ ၃၀ ရက်မတိုင်မီ ဒုက္ခသည်များထံ ဖြန့်ဝေပေးနိုင်ရန် စီစဉ်ထားတယ်လို့ ဆိုပါတယ်။
မီဇိုရမ်ပြည်နယ်မှာ လက်ရှိ မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ၂၉,၇၀၂ ဦး ခိုလှုံနေပြီး အများဆုံးမှာ ချမ်ဖိုင် (Champhai) ခရိုင်တွင် ၁၂,၀၈၃ ဦးရှိတယ်လို့ စာရင်းမှတ်တမ်းတွေအရ သိရပြီး လောင်တလိုင် (Lawngtlai) ခရိုင်မှာလည်း မြန်မာစစ်ဘေးရှောင် ၆,၃၂၈ ဦး နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။
ယခုအစီအစဉ်ဟာ မြန်မာစစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာလိုအပ်ချက်ကို အထောက်အကူပြုရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ အိန္ဒိယဗဟိုအစိုးရသည် ၂၀၂၄ ခုနှစ်အတွင်းကလည်း မီဇိုရမ်ရှိ ဒုက္ခသည်များအတွက် ဆန်အခမဲ့ဖြန့်ဝေပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။

