Headlines

မလေးရှားရောက် မြန်မာအပါအဝင် ဒုက္ခသည်များကို စိစစ်၍ ယာယီအလုပ်အကိုင်များ ဖန်တီးပေးရန် မလေးရှားအစိုးရ စီစဉ်နေ

ဇွန်လ ၈ ရက်။

မလေးရှားနိုင်ငံအတွင်း ထိန်းသိမ်းရေးစခန်းများနှင့် ပြင်ပတွင် ခိုလှုံဝင်ရောက်နေထိုင်နေကြသော မြန်မာနိုင်ငံသားများအပါအဝင် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံထားသူပေါင်း ၂၀၀,၀၀၀ ကျော်ကို စိစစ်ပြီး၊ အရည်အချင်းပြည့်မီသူများကို နိုင်ငံအတွင်း လုပ်သားပြတ်လပ်နေသည့် ကဏ္ဍများတွင် ယာယီအလုပ်အကိုင်များ ဖန်တီးပေးသွားရန် မလေးရှားအစိုးရက စီစဉ်နေတယ်လို့ စင်ကာပူအခြေစိုက် Channel NewsAsia (CNA) သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မလေးရှားအစိုးရဟာ ယခုနှစ်အစပိုင်းကတည်းက ဒုက္ခသည်များ၏ ဇီဝအချက်အလက် (Biometric Data) နှင့် ကိုယ်ရေးအချက်အလက်များကို စုဆောင်း၍ Database စနစ်တစ်ခု ပြုစုခဲ့ပြီး၊ “ဒုက္ခသည် မှတ်ပုံတင်ခြင်းဆိုင်ရာ စာရွက်စာတမ်း” (DPP) အစီအစဉ်၏ စမ်းသပ်ကာလအဖြစ် ဇွန်လ ၁ ရက်နေ့မှစတင်ကာ ဒုက္ခသည်များကို တရားဝင် စတင်မှတ်ပုံတင်ပေးနေပြီ ဖြစ်ပါတယ်။

လာမည့် ဇွန်လလယ်ပိုင်းတွင်လည်း ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းရှိ ဒုက္ခသည် ၂ သိန်းကျော်ကို စနစ်တကျ စီမံခန့်ခွဲမည့် ဘက်စုံစီမံကိန်းကြီးကို အစိုးရအဖွဲ့ (Cabinet) ထံ တင်ပြသွားဖို့ ရှိနေပါတယ်။

အဆိုပါ DPP စနစ်သစ်အောက်တွင် အသက် ၂၀ မှ ၄၀ ကြားရှိပြီး လုပ်ကိုင်နိုင်စွမ်းရှိသည့် ဒုက္ခသည်များကို ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုကဏ္ဍများအပါအဝင် မလေးရှားနိုင်ငံအတွင်း လုပ်သားအင်အား လိုအပ်ချက်ကြီးမားနေသည့် ကဏ္ဍများနှင့် ချိတ်ဆက်ပေးသွားမည် ဖြစ်ပါတယ်။

မူဘောင်အသစ်အရ အလုပ်သမားများကို ငှားရမ်းမည့် အလုပ်ရှင်များသည် တည်ဆဲလုပ်သားဥပဒေများကို မပျက်မကွက် လိုက်နာရမည်ဖြစ်ပြီး၊ တစ်လလျှင် အနည်းဆုံးလုပ်ခလစာ အမေရိကန်ဒေါ်လာ ၄၃၀ ခန့် ပေးဆောင်ရန်နှင့် သင့်လျော်သော နေထိုင်စရာနေရာ ဖြည့်ဆည်းပေးရန်တို့ ပါဝင်သည့်အတွက် မြန်မာဒုက္ခသည်များအတွက် တရားဝင်ရပ်တည်နိုင်မည့် ယာယီအခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာနိုင်ပါတယ်။

သို့သော်လည်း အဆိုပါ အချက်အလက်ကောက်ယူနေသည့် အစီအစဉ်သည် မလေးရှားနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့် (PR) သို့မဟုတ် နိုင်ငံသားဖြစ်ခွင့် ရရှိရန် လမ်းစတစ်ခု မဟုတ်ဟု ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင် နာဆူတီယွန် အစ္စမေးလ်က ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။

မလေးရှားနိုင်ငံသည် ကုလသမဂ္ဂ၏ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးထားခြင်း မရှိဘဲ၊ ဒုက္ခသည်အရေးကို အမျိုးသားလုံခြုံရေး ရှုထောင့်ကနေသာ အမြဲကြည့်မြင်လေ့ရှိခြင်းကြောင့် အခုလုပ်ဆောင်ချက်ဟာ လုပ်သားပြတ်လပ်မှုကို ဖြည့်ဆည်းရန် ရည်ရွယ်ခြင်းသာ ဖြစ်ပုံရပါတယ်။

တစ်ဖက်တွင်လည်း လူ့အခွင့်အရေးအဖွဲ့အစည်းများက ယခုအစီအစဉ်အပေါ် စိုးရိမ်ပူပန်မှုအချို့ ရှိနေကြပါတယ်။ ရိုဟင်ဂျာဒုက္ခသည်များအရေး အပါအဝင် ဒုက္ခသည်များအရေး ဆောင်ရွက်နေသည့် Fortify Rights အဖွဲ့၏ ဒါရိုက်တာ ဂျွန် ကွင်လေ က “မလေးရှားအစိုးရအနေနဲ့ လျှို့ဝှက်ချက် ထိန်းသိမ်းပေးမှု၊ မျှတတဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိမှု၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို သေချာအောင် လုပ်ဆောင်ရပါမယ်။ အစီအစဉ်အရ စိစစ်ခံရဖို့ စောင့်ဆိုင်းနေဆဲ ဖြစ်တာကြောင့် ဘယ်ဒုက္ခသည် ဒါမှမဟုတ် ဘယ်ခိုလှုံခွင့်တောင်းခံသူကိုမှ အဖမ်းခံရတာ၊ ထိန်းသိမ်းခံရတာမျိုး မရှိစေဖို့ အစိုးရက သေချာအောင် လုပ်ဆောင်ပေးသင့်ပါတယ်” ဟု ထောက်ပြထားပါတယ်။

လက်ရှိ စမ်းသပ်ကာလအတွင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများမှ လူပေါင်း ၄,၀၀0 ကျော်ကို စတင်စိစစ်မှတ်ပုံတင်ပြီးဖြစ်ရာ၊ ၎င်းတို့အနက် အများစုမှာ မြန်မာနိုင်ငံမှ ထွက်ပြေးလာကြပြီး နိုင်ငံသားဖြစ်ခွင့် အငြင်းပယ်ခံထားရသည့် ရိုဟင်ဂျာများ ဖြစ်ကြတယ်လို့ သတင်းများတွင် ဖော်ပြထားပါတယ်။ မလေးရှားအစိုးရအနေဖြင့် ဤစမ်းသပ်မှုအဆင့် အောင်မြင်ပြီးနောက် ပြင်ပတွင် အမှန်တကယ် နေထိုင်နေကြသည့် မြန်မာနိုင်ငံသား တိုင်းရင်းသားဒုက္ခသည် အများအပြားအပါအဝင် အခြားဒုက္ခသည်များကိုပါ အလုပ်အကိုင်ကဏ္ဍများနှင့် ချိတ်ဆက်ပေးမည့် လုပ်ငန်းစဉ်များ ဆက်လက်ပေါ်ပေါက်လာနိုင်မည် ဖြစ်ကြောင်း ခရီးသွားအေဂျင်စီများက သုံးသပ်ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *