Headlines

မန္တလေးကနေ တီးတိန် သယ်လာတဲ့ ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့ လက်နက်ခဲယမ်း ကလေးဝမြို့မှာ ဖမ်းဆီးရမိ

ဇွန်လ ၂၂ ရက်။

မန္တလေးကနေ ချင်းပြည်နယ် တီးတိန်မြို့ကို သယ်ဆောင်လာတဲ့ ငွေကျပ် ၃ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၀ ကီလိုခန့် နဲ့ စိတ်ကြွဆေးပြား ၁၀ သိန်းကျော် နဲ့ လက်နက်ခဲယမ်းတွေကို ကလေးဝမြို့၊ ချင်းတွင်းတံတားတွင် ရဲတပ်ဖွဲ့က ဇွန်လ ၇ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ဒီကနေ့ ဇွန်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကလေးဝမြို့ ချင်းတွင်းတံတားမှာ ဂိုးရှင်းမန် (ခ) ရှင်းမန် မောင်းလာတဲ့ PRDO ယာဉ်ပေါ်မှာ ဘိန်းဖြူ ၅ ဒသမ ၅ ကီလို ၊ ဂင့်ကပ်ခိုင် (ခ) ခိုင်ခိုင်မောင်းနှင်လာတဲ့ PRDO ယာဉ်ပေါ်မှာ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို၊ မုန်ဂင့်ဆန် (ခ) ဆန်းသယ်မောင်းနှင်လာတဲ့ PRDO ယာဉ်ပေါ်မှာ မှာ စိတ်ကြွဆေးပြား ၁၀ ဒသမ ၅ သိန်းနဲ့ ပစ္စတိုသေနတ် ၂ လက်နဲ့ ကျည် ၂၀၀ တောင့်တို့ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းရပြီး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ယင်းမူးယစ်ဆေးဝါးတွေကို ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ တီးတိန်မြို့နေ ထွန်းဂင့်မုန် (ခ) ပါးမုန် နဲ့ ထန်ဆောမ်းဟောက် (ခ) ဆောမ်းဟောက် တို့က မန္တလေးကနေ တီးတိန်ကို အဓိက သယ်ဆောင်ခိုင်းကြသူတွေဖြစ်ပြီး ၎င်းတို့ကို လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့လည်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေပြီး ၎င်းတို့ရဲ့ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာကနေ ရရှိတဲ့ ငွေကြေးအကျိုးမြတ်တွေ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *