
ဇွန်လ ၂၀ ရက်။
အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG)ရဲ့ ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူးလမ်းမပေါ်က ခမ်းပတ်မြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ ဇွန်လ(၂၀)ရက်နေ့ ညနေ ၅ နာရီဝန်းကျင်လောက်မှာ ပြန်သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက Chin World Media ကိုပြောပါတယ်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဒီကနေ့ ညနေ ၅ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီတွေက ခမ်းပတ်မြို့ကို သိမ်းပိုက်လိုက်ပြီလို့သိရတယ် ရပ်ကွက်ကြီး ၄ ခုထဲက ရပ်ကွက်ကြီး ၃ ခုကိုသိမ်းလိုက်ပြီ နေရာအများစု သိမ်းလိုက်နိုင်တဲ့သဘောပေါ့ နောက်ဆုံးကျန်တဲ့ အမှတ် – ၁ ရပ်ကွက်ကို ဆက်လက်ထိုးစစ်ဆင်နေတာကြောင့် အခုချိန်ထိတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကတော့ ဆက်ရှိနေသေးတယ်လို့ ကြားသိရတယ်” လို့ပြောပါတယ်။
နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ အိန္ဒိယ – မြန်မာနယ်စပ် တခုဖြစ်တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်းက ကလေး – ခမ်းပတ် – တမူး လမ်းမတလျောက် ပြန်ဖွင့်နိုင်ဖို့ စစ်ကောင်စီက ဒီဇွန်လ အစောပိုင်းကစလို့ စစ်ကြောင်းထိုးတိုက်ခိုက်တာတွေအပြင် လေကြောင်းတိုကခိုက်တာတွေ အပြင်းအထန် တောက်လျောက်လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ခမ်းပတ်မြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ လဆန်းလောက်မှာ အမျိုးသားညီညွှတ်ရေးအစိုးရ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး ၃ နှစ်ဝန်းကျင်မှာ ပြန်လက်လွှတ်လိုက်ရတဲ့ မြို့လည်းဖြစ်ပါတယ်။

