
ဧပြီလ ၂၂ ရက်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ရခိုင်ပြည်နယ်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝက်သက်ရောဂါ ကူးစက်ပြန့်ပွားနေလို့ ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာ အထူးသတိထားကြဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန( AHD) က ဧပြီလ ၂၀ ရက်နေ့မှာ သတိပေး ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် ဝက်သက်ရောဂါ ကူးစက်ပျံနှံ့မှု ဖြစ်ပွားနေတာ တစ်ပတ်ကျော်ကြာ ဖြစ်ပွားနေတာဖြစ်ပြီး ကူးစက်ခံရသူတွေထဲကနေ သေဆုံးလူနာတွေအထိ ရှိလာနေပြီး ကူးစက်ပျံ့နှံ့မှုတွေ ဆက်လက်ဖြစ်ပွားနေတာလို့ AHD ကဆိုပါတယ်။
ဝက်သက်ရောဂါဟာ လေထဲကတဆင့် ( ချောင်းဆိုးခြင်း၊ နှာချေခြင်း) အလွယ်တကူ ကူးစက်နိုင်သလို အသက်အရွယ်မရွေး ကူးစက်နိုင်ပြီး ကာကွယ်ဆေးမထိုးရသေးတဲ့ ကလေးတွေအတွက် အထူးအန္တရာယ်ရှိပြီး ရောဂါပြင်းထန်လျှင် အသက်ဆုံးရှုံးတာတွေထိ ဖြစ်နိုင်တယ်လို့ AHD က သတိပေးထားပါတယ်။
ရောဂါကူးစက်ခံရရင် အဖျားကြီးတာ၊ ချောင်းဆိုးတာ၊ နှာရည်ယိုတာ၊ မျက်လုံးနီတာ၊ မျက်ရည်ပူ ကျတာတွေအပြင် ဖျားပြီး ၃ ရက် ၊ ၄ ရက်လောက် ခန္ဓာကိုယ်တစ်ခုလုံး အနီစက်၊ အနီကွက်တွေ ၊ အဖုအပိန့်တွေ ထွက်ပေါ်တာ နဲ့ ပါးစပ်အတွင်းပိုင်းမှာ အဖြူရောင်အစက်တွေ ထွက်ပေါ်တာ စတဲ့ လက္ခာဏာတွေ ပြတက်တယ်လို့လည်း သိရပါတယ်။
ဝက်သက်ရောဂါ ကာကွယ်ဖို့အတွက် ကာကွယ်ဆေးထိုးတာ၊ ဝက်သက်ရောဂါရှိသူ၊ ဝက်သက်ရောဂါဖြစ်နေသူ ၊ ဝက်သက်ရောဂါသံသယရှိသူတွေနဲ့ ထိတွေ့ဆက်ဆံတာတွေ ရှောင်ရှားကြဖို့နဲ့ လူစုလူဝေး ၊ လူထူထပ်တဲ့နေရာတွေကို အသွားအလာ ရှောင်ရှားကြဖို့ နဲ့ နှာခေါင်းစည်းတပ်ဆင်ထားကြဖို့နဲ့ အပြင်ကနေ ပြန်လာတိုင်း အစာမစားခင် လက်ကို သေချာ ဆပ်ပြာနဲ့ စင်အောင် ဆေးကြောပြီးစားဖို့ AHD က လမ်းညွှန်ထားပါတယ်။
ရောဂါလက္ခဏာ သံသယဖြစ်ဖွယ်တွေ့ရှိရင်လည်း အိမ်မှာ ကိုယ့်ဘာသာ ဆေးမကုသဘဲ နီးစပ်တဲ့ ဆေးရုံ၊ ဆေးခန်း၊ ကျေးလက်ကျန်းမာရေးဌာနတွေကို အမြန်ဆုံး သွားရောက် ပြသရမှာဖြစ်ပြီး ရောဂါဖြစ်ပွားနေတဲ့ ကလေးတွေကို တခြားကလေးတွေနဲ့ ကစားတာ ၊ စာသင်ကျောင်းပို့တာတွေ လုံးဝမလုပ်ဘဲ သီးသန့်ခွဲထားရမယ်လို့လည်း ဆိုထားပါတယ်။
ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်တွေက အထူးသတိထားဖို့ AHD က သတိပေးထားပါတယ်။

