Headlines

ခေတ်သစ်မြန်မာနိုင်ငံ၏နိုင်ငံရေးလှုပ်ရှားမှုများနှင့်အိမ်နီးချင်းနိုင်ငံများ၏အခန်းကဏ္ဍနှင့်သက်ရောက်မှုများ

Thailand’s Deputy Prime Minister and Foreign Minister Sihasak Phuangketkeow speaks with Myanmar President Min Aung Hlaing during their meeting in Naypyitaw, Myanmar, April 22, 2026. Thailand’s Ministry of Foreign Affairs/Handout via REUTERS THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. NO RESALES. NO ARCHIVES

 

                         ‌

ရေးသားတင်ပြသူ-ဆလိုင်း ဟဲပါရုန်း


ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေများကိုဒေသတွင်းနိုင်ငံများ (အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ)၏အခန်းကဏ္ဍအပေါ်အခြေခံ၍ အမည်ခံရွေးကောက်ပွဲမှတဆင့် အသွင်ပြောင်းအစိုးရအာဏာယူပြီးဖြစ်ပေါ်တိုးတက်လျက်ရှိသောအခြေအနေအရ ဆန်းစစ်လေ့လာထားခြင်းဖြစ်သည်။မြန်မာ့နှစ်သစ်ကူးကာလတွင် အသွင်ပြောင်းအစိုးရ၊သမ္မတ၏လတ်တလောလုပ်ဆောင်ချက်များဖြစ်သောဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့အားလွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့်အတူ    တိုင်းရင်းသားလက်နက်ကိုင်များအားငြိမ်းချမ်းရေးဖိတ်ခေါ်မှုများသည် နိုင်ငံရေးစိတ်ဆန္ဒအလျောက်ပြုပြင်ပြောင်းလဲမှုဖြစ်စဥ်မျိုးမဟုတ်ဘဲ ဒေသဆိုင်ရာဖိအားများကို တုံ့ပြန်သည့်မဟာဗျူဟာဆိုင်ရာလှုပ်ရှားမှုများ ဖြစ်သည်ဟုယူဆနိုင်သည်။ ထို့အပြင်ခေတ်သစ်ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းကိုလိုက်၍ မြန်မာ့နိုင်ငံ‌ရေးအပေါ်အနောက်နိုင်ငံများထက်   ဒေသတွင်းနိုင်ငံများ၏အရေးပါမှုမြင့်မားလာခြင်းနှင့်ပြည်တွင်းအတိုက်အခံနိုင်ငံရေးအင်အားစုများအကြား စုစည်းညီညွတ်မှု၏အရေးပါမှုကိုလည်းအလေးထားတင်ပြထားပါသည်။


နိဒါန်း


မြန်မာနိုင်ငံ၏ ခေတ်သစ်နိုင်ငံရေးပုံစံသည် ပြည်တွင်းအင်အားစုများ၏ ပြိုင်ဆိုင်မှုနှင့် ဒေသတွင်းနိုင်ငံများ၏ဝင်ရောက်စွက်ဖက်ပါတ်သက်မှုများအကြားရှုပ်ထွေးပွေလီသော ဆက်နွယ်မှုတစ်ရပ်အဖြစ် ထုံးဖွဲ့ထားသည်။ ပြည်တွင်းနိုင်ငံရေးအင်အားစုများ(မြန်မာ့တပ်မတော်၊တိုင်းရင်းသားလက်နက်ကိုင်များ၊ ၂၀၂၀ခုနှစ်ရွေးကောက်ခံအမတ်များ၊အခြားတော်လှန်ရေးအစုအဖွဲ့များ)သည်အဓိကအရေးပါသော အခန်းကဏ္ဍ၌ရှိနေသော်လည်း အိမ်နီးချင်းနိုင်ငံများ၏ ပါဝင်ပါတ်သက်မှုသည် ၎င်းတို့၏အကျိုးစီးပွားများအပေါ်  အခြေခံထားသောကြောင့် တဖြည်းဖြည်းသက်ရောက်မှု ပိုမိုကြီးမားလာသည်ကို တွေ့ရှိရသည်။ ဤဆောင်းပါးသည်ထိုသက်ရောက်မှုများက မြန်မာနိုင်ငံ၏ နိုင်ငံရေးဆုံးဖြတ်ချက်များအပေါ် မည်မျှအရေးပါသည်ကိုလေ့လာဆန်းစစ်ထားသည်။ မြန်မာ့နိုင်ငံရေး လာရာ၊လားရာလက္ခဏာများနှင့်မဟာဗျူဟာဆိုင်ရာ လိုက်လျောညီထွေမှုများအရလက်ရှိစစ်တပ်အသွင်ပြောင်းအာဏာပိုင်များ၏လှုပ်ရှားမှုများဖြစ်သော    မြန်မာ့နှစ်သစ်မိန့်ခွန်းတွင်ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့်ပြိုင်ဖက်ဝါရင့်နိုင်ငံရေးသမားကြီးများအပါအဝင်နိုင်ငံရေးအကျဉ်းသားအချို့အားလွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းတို့သည် စစ်မှန်သောပြုပြင်ပြောင်းလဲမှုများထက် နိုင်ငံတကာနှင့်ဒေသဆိုင်ရာဖိအားများကိုလျှော့ချရန် ရည်ရွယ်သည့်မဟာဗျူဟာဆိုင်ရာလုပ်ဆောင်ချက်များဖြစ်ကြောင်းတွေ့မြင်နိုင်သည်။ ထိုသို့သော လှုပ်ရှားမှုများသည်အာဆီယံနှင့်အိမ်နီးချင်းနိုင်ငံများ၏ တောင်းဆိုချက်များနှင့် ကိုက်ညီမှုရှိပြီး ဒေသအတွင်း  အထီးကျန်မှုအားကုစားရန်အတွက် အာဆီယံအသိုက်အဝန်းသို့ ဆက်ဆံရေးပြန်လည်တည်ဆောက်ရန်ကြိုးပမ်းမှုတစ်ရပ်ဟုယူဆနိုင်သည်။

အိမ်နီးချင်းနိုင်ငံများ၏ အရေးပါမှု

မြန်မာနိုင်ငံသည် အာရှဒေသတွင်း မဟာဗျူဟာအရ အချက်အချာကျသောနေရာတွင်   တည်ရှိသောကြောင့် ဒေသတွင်းအိမ်နီးချင်းနိုင်ငံကြီးများ၏ အမြဲတစေဂရုစိုက်ခြင်းကို ခံရလေ့ရှိသည်။အထူးသဖြင့် တရုတ်နှင့်အိန္ဒိယတို့သည် ၎င်းတို့၏ လုံခြုံရေး၊ စီးပွါးရေးနှင့် ဒေသတွင်းဆိုင်ရာအကျိုးစီးပွားအရ မြန်မာ့နိုင်ငံ‌ရေးပေါ် နည်းလမ်းများစွာဖြင့် ပါဝင်ပါတ်သက်လာခဲ့ကြသည်။ ယင်းပါဝင်မှုသည် အချိန်နှင့်အမျှ ပြောင်းလဲလျက်ရှိရာ ယခင်ကာလနှင့်မျက်မှောက်ခေတ်ကာလအကြား ထင်ထင်ရှားရှားကွဲပြားလျက်ရှိသည်။

ယခင်ကာလတွင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ဆက်ဆံပုံမှာ အိုင်ဒီအိုလိုဂျီအခြေပြု ဆက်ဆံရေးကို အဓိကထားကာ ဗမာပြည်ကွန်မြူနစ်ပါတီ၏လှုပ်ရှားမှုများကို တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်၍ဖြစ်စေ ကူညီထောက်ပံ့ခဲ့သည်။၁၉၈၀ ခုနှစ်အလွန်မှစ၍  ပြည်တွင်းအစိုးရနှင့်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဖွင့်လှစ််နိုင်ရေး ရည်ရွယ်ချက်ဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်များကို ‌တော်လှန်ရေးစွန့်လွှတ်ရန် ဖိအားပေးလာခဲ့သည်။ ထိုအခိုက်အတန့်အား ပိုမိုအားဖြည့်ပေးသည်မှာ ၁၉၈၈ ခုနှစ်မှ စ၍အနောက်နိုင်ငံများ၏ ဖိအားကိုရင်ဆိုင်ခဲ့ရသောမြန်မာအစိုးရသည် အိမ်နီးချင်းတရုတ်နိုင်ငံကို   အားထားလာရပြီး တရုတ်ဖက်မှလည်း စီးပွားရေး၊နိုင်ငံရေးနှင့်စစ်ရေးအရအပြည့်အဝကူညီထောက်ပံ့လာခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ တရုတ်နိုင်ငံ၏ မြန်မာပြည်အပေါ်သက်ရောက်မှုအတိုင်းအတာသည် ထုထည်လွန်စွာကြီးမားလှသည်။ ယခုအခါ တရုတ်၏အခန်းကဏ္ဍသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဥ်များအပေါ်သက်ရောက်မှုအများဆုံးရှိသော အိမ်နီးချင်းနိုင်ငံတခုဖြစ်ပြီး ယခင်ကဲ့သို့ အိုင်ဒီအိုလိုဂျီ‌အခြေခံမျိုး မဟုတ်တော့ဘဲ စီးပွားရေးရင်းနှီးမြုပ်နှံမှု၊ဒေသတွင်းမဟာဗျူဟာစီမံကိန်းများနှင့် လုံခြုံရေးစိုးရိမ်မှုများတွင် အခြေခံလာသည်ကိုမြင်တွေ့လာရသည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(China-Myanmar Econmic Corridor (CMEC)ကဲ့သို့သောရေရှည်စီမံကိန်းများ၊သဘာဝဓါတ်ငွေ့နှင့်ရေနံပိုက်လိုင်းများ၊အထူးစီးပွားရေဇုံများသည် ကြီးမားသောရင်းနှီးမြုပ်နှံမှုများဖြစ်လေရာမြန်မာနိုင်ငံသည်တန်ဖိုးကြီးသောဒေသတွင်းမဟာဗျူဟာရပ်ဝန်းတခုဖြစ်လာသည်။

၂၀၂၁နောက်ပိုင်းတွင်ပင် တရုတ်၏ မြန်မာနိုင်ငံအတွင်းတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံကျော်ရှိပြီး ကျောက်ဖြူုဆိပ်ကမ်းအထူးစီးပွားရေးဇုန်၊သဘာဝဓါတ်ငွေ့စီမံကိန်းနှင့် နယ်စပ်ကုန်သွယ်‌ရေးဇုန်တို့ပါဝင်ကြောင်း China Global Investment Tracker အရသိရှိနိုင်သည်။အထူးသဖြင့် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံရေးအပေါ်ပါဝင်ပါတ်သက်မှုသည် စီးပွားရေးနှင့်  မဟာဗျူဟာဆိုင်ရာ ရည်ရွယ်ချက်များအပေါ် မှီတည်နေသည်ဖြစ်ရာ    Belt and Road Initiative (BRI)  စီမံကိန်းအောက်တွင်     လမ်းပန်းဆက်သွယ်ရေး၊ ဆိပ်ကမ်းနှင့် စွမ်းအင်ပိုက်လိုင်းစီမံကိန်းများကို တိုးချဲ့ဆောင်ရွက်နေပြီး မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဓရာသို့ချိတ်ဆက်နိုင်ရန်  အရေးပါသောအခြေစိုက်ဒေသဖြစ်လာသည်။ထို့အပြင် တရုတ်သည် နယ်စပ်ဒေသရှိလက်နက်ကိုင်များနှင့် မြန်မာစစ်တပ်ကြားတွင် အဓိကညှိနှိုင်းဖြန်ဖြေသူအဖြစ်သဘောဆောင်၍ ပါဝင်လျက်ရှိသည့်အပြင် ၎င်းတို့အပေါ်တွင်လည်း လွန်စွာသြဇာသက်ရောက်ကာ လွှမ်းမိုးမှုရှိနေသည်ကို တွေ့မြင်ရသည်။ ဤသည်ပင်လျှင် တရုတ်၏ မြန်မာ့နိုင်ငံရေးအပေါ်ပါဝင်သက်ရောက်မှုသည် ပြည်တွင်းနိုင်ငံရေးအင်အားစုများထက် ပို၍အ‌ရေးပါသည်ဟုပင်ဆိုနိုင်သည်။ နယ်စပ်ဒေသရှိလက်နက်ကိုင်အဖွဲ့များအပါအဝင်မြန်မာ့စစ်တပ်သည်ပင် တရုတ်၏မဟာဗျူဟာကျော့ကွင်းထဲငြိတွယ်နေပြီဖြစ်၍  တရုတ်အလိုကျ နိုင်ငံရေးကစားကွက်များ၊ စစ်ရေးဖော်ဆောင်မှုများကို အခါအားလျော်စွာဆောင်ရွက်ရလေ့ရှိသည်။ထို့ကြောင့်တရုတ်သည် မြန်မာ့နိုင်ငံရေးအနာဂတ်အတွက် အရေးပါဆုံးသောပြင်ပဇတ်ကောင်တရပ်ဖြစ်လာသည်။

အိန္ဒိယနိုင်ငံသည် ၁၉၈၈ ကာလတွင် ဒီမိုကရေစီတန်ဖိုးများကိုဦးစားပေးကာ မြန်မာဒီမိုကရေစီလှုပ်ရှားမှုများနှင့် နီးကပ်စွာရပ်တည်ခဲ့သော်လည်း    နောက်ပိုင်းတွင်မူမဟာဗျူဟာဆိုင်ရာ အကျိုးစီးပွားများကြောင့်  မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေးကို ပြန်လည်တိုးချဲ့ခဲ့သည်။အိန္ဒိယသည် မြန်မာနိုင်ငံနှင့် အရှေ့နှင့်အရှေ့မြောက်တည်ငြိမ်အေးချမ်းရေး၊လုံခြုံရေးနှင့် ဒေသတွင်းတိုင်းရင်းသားများ၏ဆက်နွယ်မှုအတွက်  အရေးပါသောအိမ်နီးချင်းနိုင်ငံဖြစ်သည်။ ၎င်း၏”Act East Policy” အရမြန်မာနိုင်ငံသည်   အ‌ရှေ့တောင်အာရှသို့ချိတ်ဆက်ရာလမ်းကြောင်းတခုအဖြစ်သတ်မှတ်ထားပြီး Kaladan Multi-Modal Transit Transport Project( KMTTP)ကဲ့သို့သော       ထုထည်ကြီးမားသည့်စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။လွန်ခဲ့သော နှစ်ကာလများတွင်အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ   အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံခန့်ရှိပြီး ၎င်းတွင် ပဲအမျိုးမျိုး၊ သစ်နှင့်ရေထွက်ပစ္စည်းများ  အဓိကပါဝင်ကြောင်းသိရသည်။

ထို့ပြင် အိန္ဒိယ-မြန်မာနယ်စပ်ဒေသတွင်လက်နက်ကိုင်အဖွဲ့များကျက်စားခြင်း၊   မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများနှင့်  အကြမ်းဖက်အန္တရာယ် များအတွက် လုံခြုံရေးစိန်ခေါ်မှုရှိသောကြောင့်      နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ   ပူးပေါင်းဆောင်ရွက်များအတွက်  အထူးအလေးထားလျက်ရှိသည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လာပြီး စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများတွင် အရေးပါသောမိတ်ဖက်အဖြစ်  သတ်မှတ်လာသည်။ အထူးသဖြင့် အိန္ဒိယ၏ အရှေ့မြောက်ဒေသ လုံခြုံရေးနှင့် အာရှအရှေ့တောင်ဒေသသို့ ချိတ်ဆက်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ အရေးပါမှုကို ပိုမိုအသိအမှတ်ပြုလာသည်။ ထို့ကြောင့် မြန်မာအစိုးရနှင့် လက်တွေ့ကျသော ဆက်ဆံရေးကို ဦးစားပေးလာသည်။ထို့ကြောင့် အိန္ဒိယ၏ မြန်မာနိုင်ငံအပေါ်လွှမ်းမိုးမှုသည် နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုနှင့် မဟာဗျူဟာချိတ်ဆက်မှုများပေါ်တွင်အခြေခံထားရခြင်းဖြစ်သည်။

  ထိုင်းနိုင်သည် မြန်မာနိုင်ငံနှင့်ရှည်လျှားသောနယ်နိမိတ်ချိတ်ဆက်မှုရှိထားသည့် အိမ်နီးချင်းနိုင်ငံဖြစ်သောကြောင့် နယ်စပ်ကုန်သွယ်ရေး၊စွမ်းအင်နှင့်အလုပ်သမားစျေးကွက်ဆိုင်ရာ(Border trade, Energy Export and Migrant Labor Dynamics)များမှတဆင့် ကြီးမားသောသက်ရောက်မှုရှိသည့်နိုင်ငံဖြစ်သည်။ ၂၀၂၃ ခုနှစ်စာရင်းအရ၊ ထိုင်းနိုင်ငံတွင်တရားမဝင်မြန်မာအလုပ်သမားများအပါအဝင် မြန်မာအလုပ်သမားပေါင်း ၃  သန်းကျော်ရှိပြီးထိုင်းနိုင်ငံ၏ ဆောက်လုပ်ရေး၊စက်မှုလက်မှုလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများတွင် အဓိကအလုပ်သမားအင်အားစုဖြစ်သည်။

ထိုင်းနိုင်ငံ၏  မြန်မာ့နိုင်ငံရေးအပေါ် ပါဝင်သက်ရောက်မှုသည်လည်း ယခင်နှင့်မျက်မှောက်ခေတ်ကာလအကြား သိသာစွာ ပြောင်းလဲလာသည်ကိုတွေ့ရသည်။ ယခင်က ထိုင်းသည် နယ်စပ်လုံခြုံရေးနှင့် ကွန်မြူနစ်ဝါဒတားဆီးရေးကို ဦးစားပေးသော လုံခြုံရေးအခြေပြုမူဝါဒဖြင့် မြန်မာကို “buffer state” အဖြစ်သာ ရှုမြင်ခဲ့ပြီး ပါဝင်ပါတ်သက်မှုကို ကန့်သတ်ထားလျက်ရှိသည်။ သို့ရာတွင် ယနေ့ကာလတွင် ထိုင်း၏ သဘောထားသည် အိုင်ဒီအိုလိုဂျီထက်နိုင်ငံတော်အကျိုးစီးပွား၊ စွမ်းအင်လုံခြုံရေးနှင့် ဒေသတွင်းမဟာဗျူဟာဆိုင်ရာ အကျိုးအမြတ်များကိုဦးစားပေးသည့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုသို့ ပြောင်းလဲလာပြီး မြန်မာစစ်တပ်အပြင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားသက်ဆိုင်သူများအား လိုအပ်သလိုဆက်ဆံရန်ကြိုးပမ်းလာသည်။ထို့ကြောင့် ထိုင်း၏မူဝါဒသည်လုံခြုံရေးအခြေပြုနည်းလမ်းမှ စီးပွားရေး၊နိုင်ငံရေးနှင့် မဟာဗျူဟာဆိုင်ရာအကျိုးစီးပွားများကို ညှိနှိုင်းစဉ်းစားသည့် ပိုမိုတက်ကြွသော ပုံစံသို့ပြောင်းလဲလာပြီး နှစ်နိုင်ငံကြားလူမှုစီးပွားဆိုင်ရာဆက်နွယ်မှု တိုးတက်လာကာ ပဋိပက္ခအရှိန်လျှော့ချခြင်းနှင့် လက်တွေ့ကျသောအကျိုးစီးပွါးဦးစားပေးသောပူးပေါင်းဆောင်ရွက်မှု(Conflict De-escalation and Pragmatic Engagement)အပေါ်လွန်စွာအခြေခံလာရခြင်းဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် တရုတ်၊အိန္ဒိယနှင့်ထိုင်းတို့၏မြန်မာနိုင်ငံရေးအပေါ်   ပါဝင်ပါတ်သက်မှုသည်ယခင်ကာလတွင်အိုင်ဒီအိုလိုဂျီနှင့် နိုင်ငံရေးတန်ဖိုးများအပေါ်အခြေခံခဲ့သော်လည်း  ယခုကာလတွင် စီးပွားရေး၊ လုံခြုံရေးနှင့် မဟာဗျူဟာအကျိုးစီးပွားများကိုသာ ဦးစားပေးသည့်လက်တွေ့ကျသော နည်းလမ်းသို့ပြောင်းလဲလာကြောင်းတွေ့မြင်ရသည်။ ယင်းပြောင်းလဲမှုများသည်ပင်မြန်မာနိုင်ငံ၏    အနာဂတ်နိုင်ငံရေးလမ်းကြောင်းနှင့် ဒေသတွင်းဆိုင်ရာမဟာဗျူဟာညှိနှိုင်းမှုများအပေါ်ဆက်လက်သက်ရောက်မှုရှိနေမည်ဖြစ်သည်။

ပြည်တွင်းကွဲပြားမှုနှင့် စုစည်းညီညွတ်မှု စိန်ခေါ်ချက်

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေတွင် ပြည်တွင်းနိုင်ငံရေးအင်အားစုများအကြားစုစည်းညီညွတ်မှုသည် တော်လှန်ရေးအချိန်ကာလကြာမြင့်လာသည်နှင့်အမျှအရေးကြီးဆုံးသော စိန်ခေါ်မှုတစ်ခုအဖြစ် ပို၍ပင်ထင်ရှားလာသည်။အထူးသဖြင့် စစ်တပ်ဆန့်ကျင်ရေးအင်အားစုများ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့်နိုင်ငံရေးအင်အားစုအသီးသီးသည် ဘုံရည်မှန်းချက်တူညီမှုရှိသော်လည်း မဟာဗျူဟာ၊ နည်းဗျူဟာနှင့်အဖွဲ့အစည်းဆိုင်ရာနောက်ခံများကွဲပြားမှုများကြောင့်လည်းကောင်း၊ အချင်းချင်းကြားအပြန်အလှန်ယုံကြည်မှုအားနည်းခြင်းကြောင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်မှုအပြည့်အဝ မရရှိနိုင်သေးသည်ကို တွေ့မြင်ရသည်။ အာဏာသိမ်းမှုနောက်ပိုင်းမှ ပေါ်ပေါက်လာသောအဖွဲ့အစည်းများ၊ လက်နက်ကိုင်အစုအဖွဲ့များနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအကြား အပြန်အလှန်ယုံကြည်မှုပိုမိုကောင်းမွန်ရန်အထူးလိုအပ်သည်။

အဓိကတော်လှန်‌ရေးအင်အားစုများဖြစ်ကြသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြားတွင်လည်း နိုင်ငံရေးချဥ်းကပ်မှုပုံစံများကွာဟချက်ရှိနေသည်ကို တွေ့မြင်ရသည်။ တိုင်းရင်းသားလက်နက်ကိုင်အများစုသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ကို ရည်မှန်းထားသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရအတွင်းရှိအချို့သောအုပ်စုများသည်ဆိုရှယ်ဒီမိုကရေစီစနစ်ကိုသာ ဦးစားပေးစဥ်းစားကြသည်ကိုတွေ့မြင်ရသည်။ အကျိုးဆက်အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီအခြေခံဥပဒေရေးဆွဲရေး   လုပ်ငန်းစဥ်တွင် ကြန့်ကြာမှုဖြစ်ပွားစေသည်။

ထို့အပြင် တရုတ်လွှမ်းမိုးမှုတိုက်ရိုက်ခံရလေ့ရှိသောမြောက်ပိုင်းညီနောင်အဖွဲ့ဝင် TNLA နှင့် MNDA အကြားတွင်လည်း ရံဖန်ရံခါတင်းမာမှုများဖြစ်ပွားလေ့ရှိသည်ကို မြင်တွေ့ရသည်။ သမိုင်းကြောင်းအားဖြင့်     ရှည်လျားပြီး သက်တမ်းရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော KIO၊KNU၊CNF၊KNPPနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့သည် K3C+NUGဟူသော နိုင်ငံရေးအရစုပေါင်းမှုဖြင့် နိုင်ငံတကာသို့တိုင် သံတမန်ဆက်ဆံရေးလုပ်ငန်းများကို‌ဆောင်ရွက်နေကြသော်လည်း အကန့်အသတ်များစွာဖြင့်ရင်ဆိုင်‌နေရသေးသည်ဟုဆိုနိုင်သည်။ 

အထူးသဖြင့် ၎င်းတို့၏ အိမ်နီးချင်းနိုင်ငံများသို့ သံခင်းတမန်ခင်းဆက်ဆံရေးမှာ  အောင်မြင်မှုအတိုင်းအတာတခုထိရှိသည်ဟုဆိုနိုင်သော်လည်း တရုတ်၊အိန္ဒိယကဲ့သို့သော မြန်မာနိုင်ငံ့ရေးအပေါ်သြဇာကြီးမားသောနိုင်ငံကြီးများနှင့် ဆက်ဆံရေးမှာ မအောင်မြင်လှပေ။ အကြောင်းမှာ တော်လှန်ရေးအင်အားစုများအားလုံးပေါင်းစုသည့် ဘုံနိုင်ငံရေးစင်္ကြံ မတည်ဆောက်နိုင်ခြင်းကြောင့်ဖြစ်သည်။၎င်းသည်ပင် အကျိုးစီးပွားအခြေပြုဆက်ဆံရေးကို ပြောင်းလဲကျင့်သုံနေသည်အိမ်နီးချင်းနိုင်ငံများအား    ဆွဲဆောင်နိုင်စွမ်းအား လျော့နည်းစေလျက်ရှိသည်။

နိုင်ငံရေးသဘောတရားအရ စုစည်းညီညွတ်မှု (Political Cohesion) သည် အောင်မြင်သော လှုပ်ရှားမှုတစ်ခု၏ အခြေခံအုတ်မြစ်ဖြစ်သည်။ သို့သော် လက်ရှိတော်လှန်ရေးအင်အားစုများကြားတွင် အဆိုပါစုစည်းညီညွတ်စွာ လှုပ်ရှားမှုသည်အများအားဖြင့် စကားလုံးအဆင့်၊ ထုတ်ပြန်ချက်အဆင့်နှင့် နိုင်ငံရေးဆွေးနွေးပွဲများအတွင်းသာ ထင်ထင်ရှားရှားတွေ့ရတတ်ပြီး လက်တွေ့လုပ်ဆောင်မှုအဆင့်တွင် တိကျခိုင်မာသောပူးပေါင်းဆောင်ရွက်မှု မရှိသေးခြင်းကိုတွေ့ရသည်။

ဤအခြေအနေကို သီအိုရီအမြင်မှကြည့်ပါမူ Collective Action Theory (Olson, 1965)အရဖြစ်တည်လာသည်ဟုဆိုနိုင်သည်။အဆိုပါသီအိုရီတွင် လူမှုအဖွဲ့အစည်းများသည်အကျိုးစီးပွားတူညီသော်လည်း        အဖွဲ့ဝင်များအကြားယုံကြည်မှု၊အကျိုးကျေးဇူးမျှဝေမှုနှင့်ညှိနှိုင်းမှုမရှိပါက စုစည်းလုပ်ဆောင်မှုကိုထိရောက်စွာ မဖော်ဆောင်နိုင်ကြောင်းဖော်ပြထားသည်။

မလိုလားအပ်သော အုပ်စုဖွဲ့မှုများသည်ပင် မြန်မာ့နိုင်ငံ‌ရေးသမားအများစု၏စိတ်ထဲတွင် အစုအဖွဲ့အလိုက်ဖြစ်စေ၊ ပုဂ္ဂလိကအလိုက်ဖြစ်စေအတ္တစိတ်ကိန်းအောင်းဖုံးလွှမ်းနေသည်ဟုပင်ဆိုရပေမည်။အရေးကြီးသော နိုင်ငံရေးဘုံရည်မှန်းချက်တူညီသည့်တိုင်   ယင်းအားအောင်မြင်စေရန်ဆောင်ရွက်သည့် လုပ်ငန်းစဥ်များတွင် အကျိုးစီးပွားပဋိပက္ခများ(Conflict of Interest) ဖြစ်ပေါ်လေ့ရှိတတ်သည်။ ထို့အပြင် နိုင်ငံ‌ရေးတွင်ပါဝင်လှုပ်ရှားခြင်း၊ ‌တော်လှန်ရေးတွင် ဦးဆောင်ဦးရွက်ပြုခြင်းတွင်ရေရှည်တိုင်းပြည်အကျိုးထက် မိမိအစုအဖွဲ့၏ လက်ငင်းအကျိုးကျေးဇူးကိုသာ အသားပေးဖော်ဆောင်တတ်ကြသည်။     ပုဂ္ဂလိကပေးဆပ်ရခြင်းဟုမှတ်ယူကြသဖြင့် ကိုယ့်အကျိုးအလို့ငှာ ပြန်လည်ရယူရမည် ဟူသောစိတ်ကြောင့်ပင်ဖြစ်သည်။    အမှန်စင်စစ် နိုင်ငံ‌ရေးလှုပ်ရှားမှုများတွင်ပါဝင်ခြင်းနှင့်တော်လှန်ရေးဆင်နွှဲမှုသည်ပေးဆပ်ခြင်းဆိုသည်ထက်မိမိတို့၏ရွေးချယ်မှုအဖြစ်သာရှိသင့်ပေသည်။

ထို့ကြောင့် မြန်မာ့ပြည်တွင်းအင်အားစုများအနေဖြင့်   အတိတ်လွန်လေပြီးသောကာလကို    သင်ခန်းစာယူကာစုစည်းညီညွတ်မှုကို စကားလုံးအဆင့်တွင်သာမဖော်ပြဘဲ အဖွဲ့အစည်းအချင်းချင်းညှိနှိုင်းဆောင်ရွက်မှုနှင့်  လုပ်ငန်းဆောင်ရွက်မှု ပူးပေါင်းဆောင်ရွက်ရေး  (Institutional Coordination and Operational Cooperation) အဆင့်သို့ရုပ်လုံးဖော်ကူးပြောင်းမြှင့်တင်ရန် အရေးကြီးကြောင်းလက်ရှိဖြစ်ပေါ်မှုကသက်သေထူနေပြီဖြစ်သည်။ အထူးသဖြင့် မဟာဗျူဟာကိုက်ညီမှု (Strategic Alignment)၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် တွင်ပူးပေါင်းပါဝင်မှု(Inclusive Decision-Making) နှင့် အရင်းအမြစ်မျှဝေမှု (Resource Sharing) တို့သည်အောင်မြင်မှုအတွက်အဓိကသော့ချက်များဖြစ်သည်။ ဤသည်ကို သီအိုရီအရထုတ်နုတ်ဖော်ပြခြင်းနှင့်ထောက်ပြရခြင်းပင်ဖြစ်သည်။

အကယ်၍ ဤကဲ့သို့သော လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုများမရှိပါက ပြည်တွင်းအင်အားစုများသည် ပိုမိုကွဲပြားခြင်း(Fragmentation)ကိုဆက်လက်ကြုံတွေ့ရမည်ဖြစ်ပြီး နိုင်ငံရေးအရညှိနှိုင်းနိုင်စွမ်း (Bargaining Power) လျော့နည်းလာနိုင်သည်။ ထိုအခြေအနေသည်ပင်ဒေသတွင်းနိုင်ငံများနှင့်   ဆက်ဆံရာတွင်လည်းအားနည်းချက်ဖြစ်လာနိုင်သည်။ ထို့ကြောင့် စုစည်းညီညွတ်မှုသည်    သဘောတရားအဆင့်ထက် ကျော်လွန်သော အဖွဲ့အစည်းအခြေပြုပူးပေါင်းဆောင်ရွက်မှု(Institutionalized Cooperation)အဖြစ်ပြောင်းလဲရန်လိုအပ်သည်။ ထိုသို့မဟုတ်ပါက ပြည်တွင်းအင်အားစုများအကြား ရည်မှန်းချက်တူညီသော်လည်း အကျိုးသက်ရောက်မှုနည်းပါးပြီး ပြည်သူ့ထောက်ခံမှုလျော့နည်းခြင်းနှင့် မဟာဗျူဟာအရနိုင်ငံတကာယုံကြည်မှုအား ဆုံးရှုံးရနိုင်သည်။

အနောက်နိုင်ငံများ၏ ပါဝင်မှု ကန့်သတ်ချက်များ

မြန်မာ့နိုင်ငံရေးတွင် အနောက်နိုင်ငံများ၏     ပါဝင်မှုသည်ယခင်ကာလများထက်   လက်ရှိတွင်သိသာစွာလျော့နည်းလာပေသည်။နောင်တွင်လည်းပိုမိုလျော့နည်းလာအုံးမည်ပင်ဖြစ်သည်။အကြောင်းမှာ    နိုင်ငံတကာစနစ်အတွင်းရှိ ပထဝီနိုင်ငံရေးဆိုင်ရာအားပြိုင်မှုနှင့် ပြည်တွင်းနိုင်ငံရေးဆိုင်ရာကန့်သတ်ချက်များ(Geopolitical Competition and Domestic Political Constraints)ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများအပါဝင်အနောက်နိုင်ငံများအနေဖြင့် မိမိတို့၏ ပြည်တွင်းစီးပွားရေးအခက်အခဲများ၊ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများနှင့် အခြားဒေသများရှိ ပဋိပက္ခများကို ဦးစားပေးနေသဖြင့် မြန်မာ့အရေးကိုအပြည့်အဝ အာရုံစိုက်နိုင်မှုမှာ အကန့်အသတ်များစွာရှိသည်။ထို့အပြင် ၎င်းတို့အတွက်အကျိုးကျေးဇူးမှာနည်းပါးပြီး အရင်းအနှီးများမည်ကို ချိန်ဆကြသည်။ ထို့ကြောင့် ၎င်းတို့၏ပါဝင်မှုသည်အများအားဖြင့်  သံတမန်ရေးဆိုင်ရာထုတ်ပြန်ချက်များ၊စီးပွါးရေးနှင့် စစ်လက်နက်တင်သွင်းမှုပိတ်ဆို့ရေးမူဝါဒများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအထိသာ တည်ရှိနေသည်ကိုတွေ့ရသည်။

International Relations သီအိုရီအရ Liberal Institutionalism (Keohane & Nye, 1977) သည် နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့် ပူးပေါင်းဆောင်ရွက်မှုတိုးတက်နိုင်သည်ဟု ဆိုသော်လည်းလက်ရှိမြန်မာ့နိုင်ငံရေး     အခြေအနေတွင်မူ ထိုသီအိုရီ၏သက်ရောက်မှုသည်အကန့်အသတ်ရှိနေသည်။ အကြောင်းမှာ   ပထဝီနိုင်ငံရေးဆိုင်ရာအကျိုးစီးပွားနှင့် ဒေသတွင်းအာဏာစက်ဆိုင်ရာအားပြိုင်မှု (Geopolitical Interests and Regional Power Dynamics) များသည် အနောက်နိုင်ငံများ၏လက်တွေ့ပါဝင်မှုကို ထိန်းချုပ်ထားခြင်းကြောင့်ဖြစ်သည်။

ဤအခြေအနေသည် ဒေသတွင်းနိုင်ငံများ၏အခန်းကဏ္ဍကိုပိုမိုထင်ရှားစေကာ အသက်ဝင်စေသည်။ အိမ်နီးချင်းနိုင်ငံများသည် ပထဝီအနေအထားအရ နီးကပ်မှု၊ စီးပွားရေးအရအပြန်အလှန်မှီခိုမှုနှင့်  လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုများ (Geographical Proximity, Economic Interdependence and Security Concerns) ကြောင့် မြန်မာ့နိုင်ငံရေးအပေါ်ပိုမိုတက်ကြွစွာသက်ရောက်နေရခြင်းဖြစ်သည်။

ထို့ကြောင့်‌ဒေသတွင်းဆိုင်ရာသံတမန်ရေး (Regional Diplomacy) သည်မြန်မာ့နိုင်ငံရေး လမ်းကြောင်းကို ထုဆစ်ပုံဖော်ရာတွင်  အဓိကအင်အားတစ်ရပ်ဖြစ်လာသည်။ ထို့ကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ပထဝီနိုင်ငံရေးပေးထားချက်အရ အလှမ်းဝေးသောအနောက်နိုင်ငံများထက်  ဒေသတွင်းနိုင်ငံများကိုအာရုံစိုက်ခြင်း၊ သံတမန်ဆက်ဆံရေး ကောင်းမွန်စွာတည်ဆောက်ခြင်း၊ယုံကြည်စိတ်ချရလောက်သော စုစည်းညီညွတ်မှု၊ တိကျရှင်းလင်းပြီးလက်တွေ့ကျသော  တန်ပြန်မဟာဗျူဟာများထားရှိခြင်းများ ပိုမိုလုပ်ဆောင်ရန်အထူးလိုအပ်ပေမည်။    ဤအခြင်းအရာကိုကောင်းမွန်စွာနားလည်ခြင်းဖြင့်   မိမိတို့၏စုစည်းညီညွတ်မှုကိုတည်ဆောက်ရန်အတွက် လိုအပ်သောအဆင်တန်ဆာများကို ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။

နိဂုံးချုပ်

မြန်မာနိုင်ငံ၏ ခေတ်သစ်နိုင်ငံရေးလှုပ်ရှားမှုများသည် ပြည်တွင်းအင်အားစုများ၏ စိတ်ဆန္ဒနှင့် ဒေသတွင်းအိမ်နီးချင်းနိုင်ငံများ၏ မဟာဗျူဟာကျသော သက်ရောက်မှုကြားတွင် ရှုပ်ထွေးလျက်ရှိသည်။ လက်ရှိအသွင်ပြောင်းအစိုးရ၏ ပထမဆုံးသောလှုပ်ရှားမှုများအဖြစ် မြင်တွေ့ရသည့် နိုင်ငံရေးအကျဥ်းသားများလွှတ်ပေးခြင်း၊ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းခြင်းတို့သည် စစ်မှန်သော ဒီမိုကရေစီအသွင်ကူးပြောင်း‌ရေးနိမိတ်အဖြစ် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ဒေသတွင်းဖိအားများအားပြန်လည်တုံံ့ပြန်ခြင်းနှင့်  အာဆီယံနိုင်ငံအတွင်းမှတဆင့် နိုင်ငံတကာတွင် ဝင်ဆံ့နိုင်ရေး ဗျူဟာမြောက်ခြေလှမ်းများသာဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအနာဂတ်တွင် လက်ရှိပြည်တွင်းကွဲပြားမှုနှင့် စုစည်းညီညွတ်မှုအခြေအနေသည်  အရေးပါသောအဆုံးအဖြတ်တစ်ခုဖြစ်လာမည်ဖြစ်သည်။။ သီအိုရီအရလည်း စုပေါင်းလုပ်ဆောင်ခြင်း (Collective Action) အားနည်းပါက နိုင်ငံရေးအင်အားသည် ကွဲပြားမှု(Fragmented) ပိုမိုဖြစ်လာနိုင်ပြီး မဟာဗျူဟာဆိုင်ရာထိရောက်မှု (Strategic Effectiveness) လျော့နည်းလာနိုင်သည်။တစ်ချိန်တည်းတွင်အနောက်နိုင်ငံများ၏အကန့်အသတ်ရှိသောပါဝင်မှုသည် ဒေသတွင်းနိုင်ငံများ၏လွှမ်းမိုးမှုကိုပိုမိုအားကောင်းစေမည်ဖြစ်သည်။

သို့ဖြစ်ပါ၍မြန်မာ့တော်လှန်ရေးအင်အားစုများအနေဖြင့် ပြည်တွင်းနိုင်ငံရေးကွဲပြားမှုကို ကျော်လွှားနိုင်ရေးကို မဖြစ်မနေဆောင်ရွက်ရမည့်အပြင်အိမ်နီးချင်းနိုင်ငံများ၏မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒများသည်အချိန်အခါအလိုက် အဘယ့်ကြောင့်မည်သို့မည်ပုံပြောင်းလဲသည်ကို သတိပြုမိရန်နှင့်မိမိတို့ဖက်မှလည်း       ယင်းပြောင်းလဲမှုများအလိုက်လျော်ညီမှုရှိသော သံခင်းတမန်ခင်းမဟာဗျူဟာများ      ချမှတ်ဆောင်ရွက်ရန်အထူးလိုအပ်ပေသည်။ အထက်ဖော်ပြပါ နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ်သက်ရောက်မှုများကို မဟာဗျူဟာကျကျ ပြန်လည်တုံ့ပြန်နိုင်ရေးအပြင် မိမိတို့ဖက်သို့ပါဝင်လာနိုင်ရေးအတွက် ၎င်းတို့၏ အကျိုးစီးပွားအခြေပြုဆက်ဆံရေးကို ကောင်းမွန်စွာနားလည်ပြီး ဒေသတွင်းသံခင်းတမန်ခင်း( Regional Diplomacy) ကိုအလေးထားဆောင်ရွက်နိုင်ရေးသည် အထူးအရေးကြီးလှသည်။

ထို့ကြောင့်  မြန်မာ့တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် တော်လှန်‌ရေးအောင်မြင်နိုင်‌ရေးနှင့် မြန်မာပြည်အနာဂတ်ကိုပုံဖော်နိုင်ရေးအတွက်  ပြည်တွင်းစုစည်းညီညွတ်မှုဖော်ဆောင်ခြင်းအပြင် ‌ဒေသတွင်းအပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှု (Internal Cohesion and Regional Engagement)ကိုတပြိုင်နက်တည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း  တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *