
ဧပြီလ ၂၂ ရက်။
ထောက်ပို့လမ်းကြောင်း အသုံးပြုရေးကိစ္စ အပါအဝင် အခြားပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို Chinland Council အဖွဲ့ဝင် ကြားကာလ ခူမီးချင်းမျိုးနွယ်စု များရေးရာ အတိုင်ပင်ခံကောင်စီ/ ပလက်ဝကောင်စီ (IKACC/PC) နဲ့ ချင်းပြည်သူ့အစည်းအရုံး-Chin People Union/ Chin people Army (CPU/CPA) တာဝန်ရှိသူများ အကြား မတူပီမြို့မှာ ပထမအကြိမ်တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ IKACC/PC က ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံမှုကို ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က မတူပီမြို့မှာ အပြုသဘောဆောင် ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး CPU/CPA ဘက်ကလည်း ဥက္ကဌ ဆလိုင်းထန်ချွမ်းဖေ ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ချင်းလဲန်းကောင်စီ အဖွဲ့ဝင်ဖြစ်တဲ့ IKACC/PC အနေဖြင့် တော်လှန်ရေးလိုအပ်ချက်အရ CPU/CPA အပါအဝင် အခြား ချင်းတော်လှန်ရေး အဖွဲအစည်းများအပြင် -အိမ်နီးချင်းတော်လှန်ရေး အဖွဲအစည်းများနှင့် ကောင်းမွန် သည့် မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ထားကြောင်းနဲ့ တစ်ချိန်တွင် ချင်းအမျိုးသားတော်လှန်ရေးအဖွဲအစည်း များ ပူးပေါင်းပြီး တပ်ပေါင်းစုဖြစ်နိုင်ရေးကိုလည်း မျှော်လင့်ထားကြောင်း IKACC/PC မဟာမိတ်ဆက်ဆံရေး အဖွဲခေါင်းဆောင် တာဝန်ယူထားသူ IKACC အထွေထွေအတွင်းရေးမှူး ဆလိုင်းပေါလ် က ပြောဆိုတယ်လို့လည်း ဆိုပါတယ်။
တော်လှန်ရေးကာလအတွင်း နယ်မြေချင်းထိစပ်နေတဲ့ နည်းတူ ထောက်ပို့လမ်းကြောင်း အသုံးပြုရေးကိစ္စအပါအဝင် အခြားပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ချင်းပြည်သူ့အစည်းအရုံး-Chin People Union/ Chin people Army (CPU/CPA) နဲ့ အပြုသဘောဆောင် ဆွေးနွေးပေါင်းစည်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) ဟာ ချင်းညီနောင် ( CB) အဖွဲ့ကို တပ်မတော်တစ်ရပ်အဖြစ် ဖော်ဆောင်ဖို့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ နယ်တွေက ချင်းညီနောင်အဖွဲ့ဝင် လက်နက်ကိုင် ၄ ဖွဲ့နဲ့ ပထမဆင့် ခြေလှမ်းအနေဖြင့် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

