
ဖေဖော်ဝါရီလ ၁ ရက်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကုက္ကိုလ်ကျေးရွာက စစ်ရှောင်စခန်းတစ်နေရာကို မနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် ကလေးငယ်အပါအဝင် ပြည်သူ ၉ ဦး အပိုင်းပိုင်းပြတ်သေဆုံးပြီး ၃၀ ဦး ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတစ်ဦးက “ကြဲတာက မနေ့ညနေ ၅ နာရီခွဲဝန်းကျင်လောက်လို့ပြောတယ် ကုက္ကိုလ်ရွာစစ်ရှောင်စခန်းလို့ပြောတာဘဲ တင်သားရွာ အရှေ့ဘက်ပေါ့ မြို့ပေါ်ကနေ ၁၅ မိုင်လောက်ဝေးမလားတော့ သေချာမသိဘူး၊ တင်သားတစ်နေရာက လူအထိအခိုက်မရှိဘူး လူတွေမရှိဘူး တင်သားရွာကြဲတဲ့နေရာက တကယ်ထိခိုက်ပြီး တကယ်သေတာက ကုက္ကိုလ်ရွာကျေးရွာပေါ့ အဲမှာတချို့တွေပြောတာကတော့ အင်းကျွန်းဘက်က စစ်ရှောင်တွေပြောတယ် အဲဒါတွေ ၉ ယောက်သေတယ် အယောက် ၃၀ လောက် ထိခိုက်ဒဏ်ရာရတယ်လို့ပြောတယ် တချို့က အပိုင်းပိုင်းအပြတ်ပြတ်ဘဲ”လို့ပြောပါတယ်။
စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကုက္ကိုလ်ရွာစစ်ရှောင်စခန်းမှာထိခိုက်ဒဏ်ရာရသူတွေထဲက တချို့ကဒဏ်ရာအခြေအနေစိုးရိမ်ရသူတွေလည်း ရှိသလို လက်ရှိဆေးကုသမှုတွေပေးကာ ဒဏ်ရာအခြေအနေကို ဆက်လက်စောင့်ကြည့်နေရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
မြန်မာ – အိန္ဒိယနယ်စပ် ၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့လို့ ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံတစ်ဦးသေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ၂၀၂၄ ခုနှစ်ကုန်ပိုင်းကစလို့ သူတို့လက်လွှတ်ဆုံးရှုံးထားတဲ့ ဒေသတွေ၊သူတို့ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်လို့လည်း လူ့အခွင့်အရေးစောင့်ကြည့်တဲ့ အဖွဲ့တွေကပြောပါတယ်။