Headlines

ဆည်ကြီးတံတားမှာ စစ်ကောင်စီတပ် ဂိတ်ထိုးလမ်းပိတ်ဆို့မှုကြောင့် ကလေးမြို့ကိုစပါးပို့ဖို့အခက်အခဲဖြစ်နေ

နိုဝင်ဘာလ ၁၄ ရက်။

ကလေးမြို့နယ် ပြည် တော်သာရွာကဆည်ကြီးတံတားမှာ စစ်ကောင်စီတပ်ကဂိတ်ထိုးလမ်းပိတ်ဆို့မှုကြောင့် ကျေးရွာများမှ တောင်သူများ ကလေးမြို့ကိုစပါးပို့ဖို့အခက်အခဲဖြစ်နေကြောင်း စပါးစိုက်တောင်သူတွေဆီကသိရပါတယ်။

“လက်ရှိမှာတော့ စိုက်ပျိုးထားတဲ့ လယ်မြေတွေ အတော် များများကို ရိတ်သိမ်းပြီးသွားပြီ။ အခက်အခဲ တစ်ခုက ရွာထဲမှာ ရှိတဲ့ အိမ်တွေ မီးလောင်ပြာကျခဲ့တော့ စပါးတွေ ဘယ်လို သိုလှောင် မလဲ ဆိုတဲ့ ကိစ္စပါ။ ဆည်ကြီး ကနေ လမ်းကို ပိတ်ထားတော့ ကလေးမြို့ကို ပို့လို့လည်း မရဘူး” လို့ လက်ရှိ အခက်အခဲကို ကလေးမြို့အနောက်မြောက်ဘက်က ကျေးရွာ၁ရွာကတောင်သူ တစ်ဦးက ပြောပြပါတယ်။

ကလေးမြို့ အနောက်မြောက်ဘက်က ကျေးရွာတွေက ဒေသခံများ အနေဖြင့် စစ်ရှောင်ရင်း စပါးစိုက် ခဲ့ရတာ ဖြစ်တဲ့ အတွက် လယ်မြေ အားလုံးကို စိုက်ပျိုး နိုင်ခြင်း မရှိဘဲ လယ်မြေများကို ထယ်ထိုးပြီး လယ်ကြေ အောင် ထွန်ယှက် နိုင်ခြင်း မရှိခဲ့ သော်လည်း စပါး ထွက်ရှိမှု ပုံမှန်နီးပါး ရရှိတယ်လို့ ပြည်တော်သာ ရွာသား ဒေသခံ တောင်သူ တစ်ဦး ထံမှ သိရှိခဲ့ရ ပါတယ်။

“ပုံမှန် စိုက်ပျိုးတဲ့ ပုံစံ အတိုင်း မစိုက်ပျိုး နိုင်ဘူး။ ပုံမှန် ဆိုရင် လယ်ကို ကြေအောင် ထွန်ယှက် ပြီးမှ ပျိုးပြီးသာ ကောက်ပင်ကို စိုက်ကြတာ။ အခုက ထွန်ကို အကြမ်း လောက် ယှက်ပြီးမှ မျိုးစပါးကို ဒီတိုင်း မြေကြီးထဲ ထိုးထည့်ပြီး စိုက်လိုက်တာပါ။ ဒေသ အခေါ်တော့ ကောက်ခြောက် စိုက်တယ် လို့ ခေါ်တယ်။ အထွက်နှုန်းက ပုံမှန် မဟုတ်ပေမယ့် ပုံမှန် နီးပါး ရရှိ ပါတယ်” လို့ ယင်းတောင်သူမှ ပြောပါတယ်။

၂၀၂၃ ကောက်ရိတ် ကာလတွင် ဧရာမင်း စပါး တစ်တင်းသည် ကျပ် ၁၅၀၀၀ ရှိခဲ့ပြီး ကုန်ဈေးနှုန်း အဆမတန် မြင့်တက်ခဲ့သော်လည်း ယခုနှစ်တွင်မူ ကလေးမြို့ အနောက်မြောက်ဘက် ဒေသ၌ ဧရာမင်း စပါး တစ်တင်း လျှင် ကျပ် ၁၂၀၀၀ ဖြင့်သာ ပွဲစားများက စုဆောင်းနေတယ် လို့လည်း သိခဲ့ ရပါတယ်။

၂၀၂၄ ခုနှစ် မတ်လ ကနေ စစ်ကောင်စီတပ်ရဲ့ ကလေးမြို့နယ် အနောက်မြောက် ဒေသ ထိုးစစ်ကြောင့် ဆည်ကြီး၊ မော်စီ၊ ပျဉ်းခုံကြီး၊ ဟံသာ၊ ယောက်ချိုကွင်း၊ ငှက်ပျောတော၊ မိုင်နွဲ၊ ပြည်တော်သာ၊ နန်းချောင်း၊ သာယာကုန်း အစ ရှိသော ကျေးရွာများမှ နေအိမ် ၂၀၀၀ ကျော် မီးလောင် ပြာကျ ခဲ့ပြီး ထောင်ပေါင်းများစွာသော ဒေသခံများဟာ စစ်ရှောင် ထွက်ပြေး ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *