Headlines

မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက ၂ ရက်ဆက်တိုက် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းက တိုက်နယ် ၂ က ကျေးရွာ ၁ ရွာနဲ့တိုက်နယ် ၄ က ကျေးရွာ ၁ ရွာကို စစ်ကောင်စီတပ်က ဒီကနေ့စက်တင်ဘာလ ၇ ရက်နဲ့မနေ့ စက်တင်ဘာလ ၆ ရက် မနက်အစောပိုင်း ၃ နာရီ ဝန်းကျင် လောက်မှာလေကြောင်းနဲ့ဗုံးများကြဲပြီးတိုက်ခိုက်ခဲ့ကြောင်း လူထိခိုက်မှုရှိမရှိမသိရကြောင်း မင်းတပ်မြို့နယ်သတင်းတွေဖော်ပြနေတဲ့ HKL Mindat ရဲ့သတင်းဖော်ပြချက်အရသိရပါတယ်။

မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) တပ်ရင်းကို စစ်ကောင်စီက ထောက်ပို့လေယာဉ်ကနေ လေထီးတွေနဲ့ ခဲယမ်းနဲ့ရိက္ခာပစ္စည်းတွေ ချပေးနေတာတွေ အရင်လနဲ့ ယခုလရက်ပိုင်းအတွင်း ခပ်စိပ်စိပ်လုပ်လာနေပါတယ်။

မင်းတပ်မြို့နယ်မှာ သြဂုတ်လအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ ဒရုန်းတိုက််ခိုက်တာတွေ ဆက််တိုက်လုပ်နေတာကြောင့် စစ်ကောင်စီနဲ့ တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က သြဂုတ်လ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၃ ရက် ရှမ်းပြည်ခရီးစဥ်မှာ နယ်မြေတွေသိမ်းပိုက်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မယ်လို့ ပြောကြားပြီးတဲ့နောက် စက်တင်ဘာလ ၅ ရက်ညက ရှမ်းပြည် ဖယ်ခုံမြို့အနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း TNLA ထိန်းချုပ်ထားတဲ့ နမ်းခမ်းမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၉ ဦးအပါအဝင် လူ ၂၅ ဦးသေဆုံးပြီး လူ ၄၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *