
နိုဝင်ဘာလ ၂၃ ရက်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ချမှတ်ခဲ့သော စီရင်ချက်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ အမျိုးသားဂုဏ်သိက္ခာနှင့် နိုင်ငံတော်အကျိုးစီးပွားတို့ကို ထိခိုက်စေသောကြောင့် ချင်းပြည်သစ်ကွန်ဂရက်ပါတီအနေဖြင့် သဘောတူလက်ခံခြင်း မရှိကြောင်း ဒီနေ့နိုဝင်ဘာလ ၂၃ ရက်မှာသဘောထားထုတ်ပြန်ပါတယ်။
စီရင်ချက်၏ ဆုံးဖြတ်ချက်အမှတ်စဉ် (၁) နှင့် (၂) တို့ကို ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲဖြင့် ကပ်၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး တရားရုံးဒုတိယဥက္ကဋ္ဌနှင့် သက်တမ်းအရင့်ဆုံး တရားသူကြီးများအပါအဝင် တရားသူကြီး ၆ ဦးက တရားရုံးသည် အစဉ်အလာ သက်သေခံခိုင်လုံမှုစံနှုန်း (Beyond reasonable doubt) မှ သွေဖည်ခဲ့ကြောင်း ထောက်ပြဝေဖန်ထားသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် ကျွမ်းကျင်မှုနှင့် လုပ်ပိုင်ခွင့်မရှိသည့် FFM နှင့် NGOs တို့၏ တစ်ဆင့်ကြား အစီရင်ခံစာများအပေါ် အခြေခံထားခြင်းမှာ တရားမျှတမှုမရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်လို့ ချင်းပြည်သစ်ကွန်ဂရက်ပါတီက ထုတ်ပြန်ပါတယ်။
၂၀၁၆-၂၀၁၈ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဆောင်ရွက်ခဲ့သော စစ်ဆင်ရေးများသည် ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့် ကန့်သတ်ထိန်းချုပ်စစ်ဆင်ရေးများသာဖြစ်ပြီး လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက် (Genocidal Intent) မရှိကြောင်းနှင့် ရှုပ်ထွေးရှည်လျားသည့် တရားရုံးစီရင်ချက်ကို အချိန်ယူ၍ အလေးထားလေ့လာသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုဝင်ဘာလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်ကို ပါတီအနေဖြင့် အပြည့်အဝ ထောက်ခံကြိုဆိုပါသည်။လို့ ချင်းပြည်သစ်ကွန်ဂရက်ပါတီက ထုတ်ပြန်ပါတယ်။
ချင်းပြည်သစ်ကွန်ဂရက်ပါတီအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပါသည်။ပြည်သူလူထုအနေဖြင့်လည်း ICJ နှင့် နိုင်ငံတကာ ဆုံးဖြတ်ချက်များအပေါ် စိုးရိမ်ပူပန်မှု လွန်ကဲခြင်းမရှိကြရန်နှင့် ချင်းပြည်သစ်ကွန်ဂရက်ပါတီအနေဖြင့်လည်း နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားပြည်သူများနှင့်အတူ စည်းလုံးညီညွတ်စွာ လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည် လို့ ချင်းပြည်သစ်ကွန်ဂရက်ပါတီက ထုတ်ပြန်ပါတယ်။

