Headlines

စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဒရုန်းဗုံးကြဲချမှုနဲ့ မြေမြှုပ်မိုင်းနင်းမိလို့ ကန်ပက်လက်မြို့နယ်က ဒေသခံအမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာပြင်းထန်ရ

နိုဝင်ဘာလ ၂၄ ရက်။

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ အမှတ် ၅ ရှိ ကျောက်တောင်ကျေးရွာအနားမှာ မနေ့နိုဝင်ဘာလ ၂၃ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိတာနဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရလို့ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကန်ပက်လက်မြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက “ သက်ကြီးပိုင်း အမျိုးသား ၂ ဦး မိုင်းနဲ့ ဒရုန်း ထိမှန်လို့ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တာမျိုး ရှိခဲ့ပါတယ် နောက်ဆက်တွဲ အသေးစိပ်အခြေအနေတော့ မသိရသေးဘူး” လို့ပြောပါတယ်။

မနေ့ ညနေပိုင်း လောက်မှာ တောင်ယာစပါး ရိတ်သိမ်းဖို့ ထွက်လာတဲ့ အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ရွာထိပ်နားက စစ်ကောင်စီတပ်ဖွဲ့တွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိခဲ့သလို အဲဒီဖြစ်စဉ်ပြီး တစ်နာလောက်အကြာမှာ တောင်ယာခင်းထဲ အလုပ်လုပ်နေတဲ့ အသက် ၅၇ နှစ်အရွယ်အမျိုးသားကိုလည်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာခံခဲ့ရတာလို့ သိရပါတယ်။

မိုင်းနဲ့ ဒရုန်းဗုံးစထိမှန်ခဲ့တဲ့ အမျိုးသား ၂ ဦးစလုံးဟာ ညာဘက်ခြေထောက်မှာ ပြင်းထန် ဒဏ်ရာရရှိခဲ့ကြပြီး လက်ရှိ ဆေးကုသမှုခံယူနေရတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်မြို့၊ မင်းတပ်မြို့နယ်တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အင်အားထောင်ချီဖြင့် မြေပြင်ထိုးစစ်ဆင်နေသလို လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကိုလည်း အပြင်းအထန်ပြုလုပ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *