Headlines

ချင်းပြည်နယ်မှာ စစ်ကောင်စီက သန်းခေါင်စာရင်းကို ဟားခါး၊ဖလမ်းနဲ့တီးတိန်မြို့ပေါ်ရပ်ကွက်တချို့မှာသာ အပေါ်ယံအဖြစ်သဘောကောက်ယူခဲ့တယ်လို့ သိရ

အောက်တိုဘာလ ၁၁ ရက်။

မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ နေရာတော်တော်များများမှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိဘဲ ဟားခါးမြို့၊ဖလမ်းမြို့နဲ့ တီးတိန်မြို့တွေမှာ မြို့ပေါ် ရပ်ကွက်တချို့မှာ အပေါ်ယံအဖြစ်သဘောလောက်သာ ကောက်ယူနိုင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖလမ်းမြို့ဒေသခံတစ်ဦးက “ရပ်ကွက်လိုက်တောင်မကောက်ပါဘူး တပ်ကုန်းရပ်ကွက် Vankau ရပ်ကွက်ပေါ့ကောက်ကြတယ် ကျန်တဲ့ရပ်ကွက်ကျတော့ မကောက်နိုင်ကြပါဘူး။ CB ရဲ့ထုတ်ပြန်ချက်လည်းရှိတော့ လုံခြုံရေးအပြည့်နဲ့ လုပ်ကြတယ် ဒါပေမယ့် ဖလမ်းရဲ့ အိမ်ခြေ ၅ ပုံမှာ ၁ ပုံတောင်မကောက်ဘူး ကောက်နိုင်တယ်လို့တော့ စာရင်းပြမှာဘဲ တစ်အိမ်တက် တစ်အိမ်ဆင်းပြီးမကောက်ကြပါဘူး အပေါ်ယံပါဘဲ” လို့ Chin World Media ကို ပြောပါတယ်။

စစ်ကောင်စီရဲ့သန်းခေါင်စာရင်းကောက်ယူတာကို ပြည်သူတွေအနေနဲ့ မပူးပေါင်းဖို့နဲ့ ပါဝင်သူတွေကို ထိရောက်စွာအရေးယူမယ်လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားတာကြောင့် ဖလမ်းမြို့၊တီးတိန်မြို့နဲ့ဟားခါးမြို့ေ ပါ်ရပ်ကွက်တချို့မှာ အဖြစ်သဘော အပေါ်ယံလောက်သာ ကောက်ယူခဲ့ပုံရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

တီးတိန်မြို့ဒေသခံတစ်ဦးကလည်း “ မြို့ပေါ်ရပ်ကွက်တချို့မှာ ရေပေးရေဝေရေးကို အကြောင်းပြုပြီး ဖုန်းဆက်ကာ အိမ်ထောင်စုစာရင်း ကောက်တာမျိုးလောက်ပဲရှိပါတယ်” လို့ပြောပါတယ်။

တီးတိန်မြို့မှာ သန်းခေါင်စာရင်း ကောက်ခံမှုမှာ တက်ကြွစွာပါဝင်ခဲ့သူ ၁ ဦးကိုလည်း ချင်းညီနောင်အဖွဲ့ဝင် PDF – Zoland က ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့က ဖမ်းဆီးအရေးယူခဲ့ပါတယ်။

ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့ပေါ်ရပ်ကွက်တချို့မှာလည်း စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ခံတာတွေကို လုပ်ခဲ့ပြီး အဖြစ်သဘောမျိုး ကောက်ခံသွားတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်ရဲ့ ၉ မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့က ဟားခါး၊ ဖလမ်း၊ တီးတိန်က မြို့ပေါ်ရပ်ကွက်တချို့မှာသာ ကောက်ယူခဲ့ပြီး ကျန်တဲ့ ထန်တလန်၊ တွန်းဇံ၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် နဲ့ ပလက်ဝမြို့နယ်တွေမှာတော့ ကောက်ယူနိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူတာကို အောက်တိုဘာလ ၁ ရက်နေ့ကစလို့ ၁၅ ရက်အထိ နိုင်ငံအဝန်းက သူတို့ထိန်းချုပ်ထားနိုင်တဲ့ ပြည်နယ်/တိုင်းဒေသကြီးနဲ့မြို့၊ရွာတွေမှာ ကောက်ခံနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *