Headlines

မီဇိုရမ် စတော်ဘယ်ရီစိုက်တောင်သူကို ကုလ FAO က ကမ္ဘာ့ထူးချွန်အမျိုးသမီးအဖြစ် ဂုဏ်ပြု

အောက်တိုဘာလ ၁၉ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Lawngtlai ခရိုင်၊ Sangau ကျေးရွာက အသက် ၃၅ နှစ်အရွယ် ကျောင်းဆရာမဟောင်း စတော်ဘယ်ရီစိုက် တောင်သူ Mari ZT Lalrithangi ဟာ သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်မှုမှာ ထူးထူးချွန်ချွန် အောင်မြင်ခဲ့တာကြောင့် အီတလီနိုင်ငံ၊ ရောမမြို့မှာရှိတဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံခဲ့ရပါတယ်။

သူမကို ၂၀၂၆ ခုနှစ် နိုင်ငံတကာ အမျိုးသမီးတောင်သူများနှစ် (International Year of Women Farmers 2026) အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ ကမ္ဘာ့စားနပ်ရိက္ခာ ဖိုရမ် (World Food Forum) မှာ “လယ်ယာစားသောက်ကုန်စနစ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထူးချွန်အမျိုးသမီး ၁၀၀” (FAO 100 Women Heroes in Agrifood Systems and Rural Development) စာရင်းထဲမှာ ထည့်သွင်း ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အသိအမှတ်ပြု ဂုဏ်ပြုခံရတဲ့ ပထမဆုံး မီဇိုအမျိုးသမီးဖြစ်လာတဲ့ Lalrithangi ဟာ နိုင်ငံပေါင်း ၁၃၁ နိုင်ငံက အမည်စာရင်း တင်သွင်းခံရသူ ၆၀၀ ကျော်ထဲကနေ ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ဒီစာရင်းထဲမှာ အိန္ဒိယတစ်နိုင်ငံလုံးကနေ အမျိုးသမီး ၂ ယောက်သာ ပါဝင်ခွင့် ရရှိခဲ့တာပါ။

ဒီအောင်မြင်မှုနဲ့ ပတ်သက်လို့ ကျေးဇူးတင်စကား ပြောကြားရာမှာတော့ ဘုရားသခင်ရဲ့ လမ်းပြမှု၊ မိသားစုရဲ့ ပံ့ပိုးကူညီမှုနဲ့ ပြည်နယ် ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေးဌာန (Horticulture Department) တို့ကြောင့် ဖြစ်တယ်လို့ သူမက ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။

သူမရဲ့ စိုက်ပျိုးရေးခရီးစဉ်ဟာ အိမ်နီးချင်း Siaha ခရိုင်က စိုက်ပျိုးသူတွေဆီကနေ အားကျစိတ်ကူးရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ စတော်ဘယ်ရီ ပျိုးပင် ၁,၀၀၀ နဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ ၂ နှစ်အတွင်းမှာပဲ ၂ ဟက်တာ အကျယ်အဝန်းရှိတဲ့ မြေပေါ်မှာ အပင်ရေ ၁၀,၀၀၀ ကျော်အထိ တိုးချဲ့စိုက်ပျိုးနိုင်ခဲ့သလို ၂၀၂၅ ခုနှစ်မှာ ဝင်ငွေ ရူပီး ၁၀ သိန်း (Rs 10 lakh) ကျော်အထိ ရရှိခဲ့ပါတယ်။

ဒါ့အပြင် လတ်ဆတ်တဲ့ စတော်ဘယ်ရီသီးတွေ ရောင်းချရုံသာမက စတော်ဘယ်ရီဝိုင်နဲ့ သကြားလုံး (Candy) တွေအဖြစ်ပါ တန်ဖိုးမြှင့် ထုတ်လုပ်ခဲ့တာကြောင့် ဒေသတွင်း ဈေးကွက်မှာ နေရာရရှိခဲ့ပါတယ်။

IGNOU တက္ကသိုလ်ကနေ လူမှုဗေဒဘာသာရပ်နဲ့ မဟာဘွဲ့ (Postgraduate in Sociology) ရရှိထားတဲ့ Lalrithangi ဟာ စိုက်ပျိုးရေးလုပ်ငန်း မလုပ်ကိုင်ခင်က ကိုယ်ပိုင်ကျောင်းဆရာမအဖြစ် လုပ်ကိုင်ခဲ့သလို အစိုးရဝန်ထမ်း ရွေးချယ်ရေး ပြိုင်ပွဲဝင် စာမေးပွဲတွေကိုလည်း ဝင်ရောက်ဖြေဆိုခဲ့ဖူးသူ ဖြစ်ပါတယ်။

ကလေး ၃ ယောက်ကို ပြုစုစောင့်ရှောက်ရင်း ညဉ့်နက်တဲ့အထိ အွန်လိုင်း ဗီဒီယိုတွေကနေတစ်ဆင့် စိုက်ပျိုးရေး နည်းပညာတွေကို ကိုယ်တိုင် လေ့လာသင်ယူခဲ့တာ ဖြစ်ပါတယ်။ မူလတန်းပြ ဆရာတစ်ဦးဖြစ်တဲ့ သူမရဲ့ ခင်ပွန်းနဲ့ ယောက္ခမတွေရဲ့ ပံ့ပိုးကူညီမှုတွေနဲ့အတူ ရေရှည်တည်တံ့တဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုကို တစိုက်မတ်မတ် တည်ဆောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မီဇိုရမ် ဟော်တီပြပွဲ ၂၀၂၆ (Mizoram Horti Fair 2026) မှာလည်း အသိအမှတ်ပြုခံခဲ့ရပြီး လောင်တလိုင်ခရိုင်ရဲ့ အကောင်းဆုံး တောင်သူဆုကို ရရှိခဲ့ဖူးပါတယ်။

Lalrithangi ရဲ့ ဖြစ်ရပ်ဟာ ကြံ့ကြံ့ခံနိုင်စွမ်း၊ တီထွင်ဆန်းသစ်မှုနဲ့ လယ်ယာစားသောက်ကုန် စနစ်တွေကို ပုံဖော်ရာမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ မြင့်မားလာမှုကို ကောင်းစွာ ထင်ဟပ်ပြသနေတယ်လို့ သိရပါတယ်။

(source – NET Web Desk / India Today NE)

Leave a Reply

Your email address will not be published. Required fields are marked *