



ဒီကနေ့ အောက်တိုဘာ ၁၀ ရက်နေ့မှာ ကမ္ဘာ့အဆင့်အမြင့်ဆုံး ကိုယ်ခံပညာပေါင်းစုံ ကစားနည်းပြိုင်ပွဲ(UFC)ဖလိုင်းဝိတ်တန်းချန်ပီယံ မြန်မာပြည်ဖွား ဖိုက်တာ Joshua Van (ခေါ်) Joshua Van Bawi Thawng ဟာ အသက် ၂၅ နှစ် ပြည့်မြောက်ခဲ့ပါပြီ။
နေရပ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည်ဘဝကနေ ကမ္ဘာ့အဆင့်UFC ခါးပတ်ချန်ပီယံတစ်ဦး ဖြစ်လာတဲ့အထိ Joshua Van ရဲ့ ဘဝဖြတ်သန်းမှုဟာ ကြမ်းတမ်းခက်ခဲခဲ့သလို၊ လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ စံပြခရီးလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
Joshua Van ဟာ ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ ချင်းပြည်နယ် ဟားခါးမြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူငယ်စဉ်ဘဝမှာ ချင်းပြည်ရဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စစ်ဘေးဒဏ်တွေကြောင့် အသက် ၁၀ နှစ်အရွယ်မှာပဲ မိသားစုနဲ့အတူ အိမ်နီးချင်း မလေးရှားနိုင်ငံဆီ ဒုက္ခသည်အဖြစ် စတင်ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။
မလေးရှားနိုင်ငံမှာ ၂ နှစ်ကျော်ကြာ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပြီးနောက် ၂၀၁၃ ခုနှစ် အသက် ၁၂ နှစ်အရွယ်မှာတော့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်၊ ဟူစတန် (Houston) မြို့ဆီ စစ်ဘေးရှောင် ဒုက္ခသည်အဖြစ် အခြေချ နေထိုင်ခွင့် ရရှိခဲ့တာပါ။
အမေရိကန်ကို စတင်ရောက်ရှိချိန်မှာ ဘာသာစကား အခက်အခဲနဲ့ ယဉ်ကျေးမှု မတူညီတာတွေကြောင့် ကျောင်းမှာ အနိုင်ကျင့် စော်ကားခံခဲ့ရပြီး လမ်းဘေးရန်ပွဲတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေမှာ မကြာခဏ ပါဝင်ပတ်သက်ခဲ့ရပါတယ်။ ဒီလိုနဲ့ လမ်းလွဲရောက်လုနီးပါး ဖြစ်နေတဲ့ သူ့ရဲ့ဘဝကို အလှည့်အပြောင်း ဖြစ်သွားစေခဲ့တာကတော့ အဒေါ်ဖြစ်သူရဲ့ ဆိုဆုံးမစကားပဲ ဖြစ်ပါတယ်။
သူ့ရဲ့ အဒေါ်ဖြစ်သူက “ယောက်ျားကောင်းက လမ်းဘေးမှာရန်ဖြစ်မနေဘူး။ တိုင်းပြည်နဲ့လူမျိုးအတွက်ဂုဏ်ယူရတဲ့ တိုက်ခိုက်ရေးသမားကောင်းဖြစ်ဖို့လိုတယ်” လို့ ပြတ်ပြတ်သားသား ဆုံးမခဲ့တာပါ။ အဲဒီစကားကြောင့်ပဲ သူဟာ ဟူစတန်မြို့က နာမည်ကြီး 4oz Fight Club ကို ရောက်ရှိသွားခဲ့ပြီး ကိုယ်ခံပညာပေါင်းစုံ (MMA) လေ့ကျင့်မှုတွေကို အလေးအနက် စတင်ခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ အပျော်တမ်း (Amateur) ပွဲတွေကို စတင်ထိုးသတ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ကူးပြောင်းခဲ့ပါတယ်။ အမေရိကန်ဒေသတွင်း ထင်ရှားတဲ့ Fury FC ပြိုင်ပွဲမှာ မဆုတ်မနစ်တဲ့ စိတ်ဓာတ်၊ တိကျပြင်းထန်တဲ့ လက်သီးထိုးချက်တွေနဲ့အတူ ဖလိုက်ဝိတ်တန်း (Flyweight) ရွှေခါးပတ်ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ ချန်ပီယံရွှေခါးပတ်ကိုလည်း ပြိုင်ဘက်ကောင်းတွေကို အလဲထိုး အနိုင်ယူကာ ၂ ကြိမ်တိုင်တိုင် အောင်မြင်စွာ ကာကွယ်ပြသနိုင်ခဲ့တာပါ။
အဲဒီနောက် ၂၀၂၃ ခုနှစ်မှာတော့ ကမ္ဘာ့အဆင့်အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ UFC (Ultimate Fighting Championship) နဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး UFC သမိုင်းတစ်လျှောက် ပထမဆုံးသော မြန်မာနိုင်ငံဖွား ဖိုက်တာအဖြစ် သမိုင်းသစ် ရေးထိုးခဲ့ပါတယ်။
ပရော်ဖက်ရှင်နယ် ကြိုးဝိုင်းအတွင်း စဉ်ဆက်မပြတ် နိုင်ပွဲတွေနဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် Joshua Van ဟာ ပွဲတိုင်းနီးပါးမှာ စွမ်းဆောင်ရည်ဆုကြေး (Performance Bonus) တွေနဲ့ ထိုးကြေးတွေကို ရရှိခဲ့ပါတယ်။ အစောပိုင်း ကာလတွေမှာ ထိုးကြေးငွေ နည်းပါးခဲ့ပေမဲ့ UFC ပွဲစဉ်တွေမှာ နိုင်ပွဲဆက်လာတာ ၊UFC ဖလိုင်းဝိတ်တန်းရဲ့ချန်ပီယံအထိဖြစ်လာကာ အပိုဆုကြေးတွေနဲ့ စပွန်ဆာ စာချုပ်တွေကြောင့် လက်ရှိအချိန်မှာ သူ့ရဲ့ ထိုးသတ်ပွဲတွေကနေ ရရှိတဲ့ စုစုပေါင်း ဝင်ငွေနဲ့ ခန့်မှန်းခြေ ပိုင်ဆိုင်မှု ဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း ဝန်းကျင်အထိ ရှိလာခဲ့ပြီလို့ အားကစားဘဏ္ဍာရေး စာမျက်နှာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
စစ်ဘေးရှောင် ဒုက္ခသည် ကောင်လေးတစ်ဦးဘဝကနေ ကမ္ဘာ့အဆင့် စင်မြင့်ထက်မှာ မြန်မာနိုင်ငံသားတွေရဲ့ ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့တဲ့ Joshua Van ဟာ ဒီကနေ့ ၂၅ နှစ်ပြည့် မွေးနေ့မှာတော့ ဘဝရဲ့ အောင်မြင်မှုမှတ်တိုင်သစ်တွေကို အခိုင်အမာ စိုက်ထူထားနိုင်ခဲ့ပါပြီ။ Joshua Van ရဲ့ မဆုတ်မနစ် ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုဟာ ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာလူငယ်တွေအတွက် အားကျအတုယူဖွယ် စံနမူနာကောင်းတစ်ခုအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။

