
အောက်တိုဘာလ ၉ ရက်။
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ဘန်ဒါဘာရူကလန်း နဲ့ ဆရီ ကမ်ဘန်ဂန်းမှာ မနေ့အောက်တိုဘာလ ၈ ရက်နေ့က အထောက်အထားမပြည့်စုံသူ ၁၇၄ ဦး ဖမ်းဆီးခံရတဲ့အထဲ မြန်မာနိုင်ငံသား ၉၉ ဦးပါဝင်တယ်လို့ မလေးရှားမှာ နေထိုင်သူတွေဆီကနေသိရပါတယ်။
မြန်မာနိုင်ငံသား ၉၉ ဦးအပါအဝင် အင်ဒိုနီးရှား ၂၉ ဦး၊ ထိုင်း ၁၁ ဦး၊ ဗီယက်နမ် ၁၀ ဦး၊ တရုတ် နှင့် အိန္ဒိယနိုင်ငံသား (၇) ဦး၊ ဘင်္ဂလားဒေ့ရှ် (၅) ဦး၊ လာအိုနှင့် နီပေါနိုင်ငံသား (၂) ဦး အပြင် ကမ္ဘောဒီးယားနဲ့ နိုင်ဂျီးရီယားနိုင်ငံသား (၁) ဦးစီပါဝင်တယ်လို့ သိရပါတယ်။
မနေ့က အထောက်အထားမပြည့်စုံလို့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို လက်ရှိ စမှုံညှင်း လူဝင်မှုကြီးကြပ် ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း အထောက်အထားမပြည့်စုံလို့ မလေးရှားနိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ချင်းလူမျိုးတွေအပါအဝင် မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို ပထမအဆင့်အနေဖြင့် နေရပ်ပြန်ပို့ပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
ဆက်လက်ပြီး မလေးရှားနိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ဆီ ပြန်လည်ပို့ဆောင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ အေဂျင်စီတွေ ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း မလေးရှားဝန်ကြီးချုပ်က အောက်တိုဘာလ ၈ ရက်နေ့က တရားဝင်ပြောဆိုထားကြောင်း သိရပါတယ်။

