
စက်တင်ဘာလ ၂၉ ရက်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ အိန္ဒိယဈေးအနီးပတ်ဝန်းကျင်နဲ့ ကစ္ဆပနဒီတံတားအနီး မနေ့စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၄၉ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ၅၈ ဦးဒဏ်ရာရခဲ့တဲ့အပေါ် လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် ( ULA / AA) က စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကျောက်တော်၊ အိန္ဒိယဈေးလေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း အပြစ်မဲ့ လမ်းသွားလမ်းလာ၊ ဈေးရောင်းဈေးဝယ် ကုန်တင်ကုန်ချလုပ်သားတွေအပါအဝင် အရပ်သားပြည်သူ ၄၉ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတယ်လို့ AAက ဆိုပါတယ်။
အလားတူမနေ့ကတစ်နေ့တည်းမှာပင် မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာနဲ့ သံတွဲမြို့နယ် ငပလီကမ်းခြေတို့ကိုလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကြီးမားတဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ အစုလိုက်အပြုံလိုက်သေဆုံးစေတဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်တွေကို အမိန့်ပေးသူ ၊ အမိန့်လိုက်နာပြီး ပစ်ခတ်တိုက်ခိုက်သူတွေနဲ့ ပါဝင်ပတ်သက်သူတွေအားလုံး ၊ ပါဝင်ပတ်သတ်ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေအားလုံးကို အထူးမှတ်တမ်းတင်ထားရှိပြီး တူညီပြီး ထိုက်တန်တဲ့ တုံ့ပြန်မှုတွေတွေကို မနှေးမကြာအချိန်အတွင်း လက်တုံ့ပြန်သွားမယ်လို့လည်း AA က သတိပေးကြေညာထားပါတယ်။

