Headlines

မလေးရှားရဲတပ်ဖွဲ့ဝင်တစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့တဲ့ ချင်းလူမျိုး ၂ ဦးကို စစ်ဆေးနေတယ်လို့ သိရ

စက်တင်ဘာလ ၂၈ ရက်။

မလေးရှားနိုင်ငံ၊ ပါဟန်ပြည်နယ်၊ Raub မြို့မှာ မလေးရှားရဲတပ်ဖွဲ့ဝင်တစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့တဲ့ ချင်းအမျိုးသား၂ ဦးကို မလေးရှားအာဏာပိုင်တွေက ရမာန်ယူကာ စစ်ဆေးနေတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တက်ဘာလ ၂၅ ရက်နေ့ မနက် ၂ နာရီဝန်းကျင်ခန့် မှာ Raub မြို့ ၊ Kampung Pamah Kulatမှာ ချင်းလူမျိုး ၂ ဦးက လမ်းဘေးမှာ စပီကာ အကျယ်ကြီးဖွင့်ကာ ဆူညံနေတာကြောင့် ဒေသခံပတ်ဝန်းကျင်က ရဲကို တိုင်ကြားခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆူညံမှုနဲ့ပတ်သက်လို့ သတိပေးတဲ့အချိန် မူးယစ်နေတဲ့ ချင်းလူမျိုး ၂ ဦးက ရဲတပ်ဖွဲ့ဝင်ကို ထိုးကြိတ်ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက “ရဲကို ရိုက်နှက်သွားတဲ့သူ၂ ယောက်စလုံးက ကျနော်တို့ ခူမီး (ချင်း) ပါ လက်ရှိ သူတို့ ၂ ယောက်စလုံးကို အာဏာပိုင်တွေက ဖမ်းဆီးထားတယ် ရမာန်ယူထားပြီး စစ်ဆေးနေတယ်” လို့ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်ကို ရိုက်နှက်သွားတဲ့ သူတွေက အသက် ၂၆ နှစ်နဲ့ အသက် ၃၀ နှစ်အရွယ်ရှိသူတွေဖြစ်ပြီး ဒူးရင်းခြံတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူတွေလည်းဖြစ်ပြီး ထိုးကြိတ်ရိုက်နှက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာလည်း ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *