Headlines

စစ်ကောင်စီထိန်းချုပ်ပြီဖြစ်တဲ့ ကလေး – တမူးလမ်းပေါ်က ခမ်းပတ်မြို့နဲ့ကျေးရွာတချို့က ဒေသခံ အများစု နေရပ်မပြန်ရဲ

ဩဂုတ်လ ၃ ရက်။

စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက် ကလေး – တမူးလမ်းကြောင်းပေါ်က ခမ်းပတ်မြို့အပါအဝင် ကျေးရွာတချို့က ဒေသခံ အများစုဟာ နေရပ်မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

သတင်းရင်းမြစ်တစ်ဦးက “အုပ်ချုပ်ရေးပိုင်းက ဝန်ထမ်းတွေနဲ့ မြို့ခံတချို့လောက်ဘဲ ပြန်ကြတာရှိတယ် အများစုကတော့ မပြန်ရဲကြသေးဘူး အဓိကတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာ စိုးရိမ်ကြတာရှိသလို နောက်ဆက်တွဲ လုံခြုံရေးပိုင်ရာ အကြောင်းတွေကြောင့် မပြန်ရဲကြသေးဘူး၊ စော်ဘွားရေရှင်၊ ဖက်ယားရေရှင်၊ ကျွန်းတောရေရှင် ရွာခံအချို့ဆို ခမ်းပတ်တိုက်ပွဲဖြစ်ကတည်းက ပြန်ဝင်သွားကြတာလည်းရှိတယ်” လို့ပြောပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ရဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ၂ နှစ်ကျော် ထိန်းချုပ်လာတဲ့ အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူး လမ်းကို ဇူလိုင်လ ၃၁ ရက်နေ့မှာ အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီကသြဂုတ်လ ၁ ရက်နေ့မှာထုတ်ပြန်ပါတယ်။

သြဂုတ်လ (၁) ရက်နေ့မှာဘဲ ခမ်းပတ်မြို့တွင် အစိုးရယန္တရားတွေ ပြန်လည်လည်ပတ်နိုင်ဖို့အတွက် ဌာနဆိုင်ရာရုံးတွေ အင်အားဖြည့်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာသင်ကျောင်း၊ ဆေးရုံတွေဖွင့်လှစ်နိုင်ဖို့အတွက် ဌာနဆိုင်ရာ ဝန်ထမ်း ၃၅ ဦးနဲ့ မှီခို ၂ ဦး တို့ဟာ ကူညီထောက်ပံ့ရေးပစ္စည်းတွေနဲ့အတူ ပြန်လည်ဝင်ရောက်ခဲ့တယ်လို့လည်း စစ်ကောင်စီထုတ်ပြန်ထားပါတယ်။

အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေး – တမူးလမ်းကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဘက်က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ဖို့ အတွက် ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကစလို့ တမူး နဲ့ ကလေးမြို့ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းဖြင့် နှစ်ဖက်ညှပ်ပြီး မြေပြင်သာလွန်အင်အားအပြင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးတိုက်ခိုက်လာလို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ၂ နှစ်ကျော်အကြာ ထိန်းချုပ်ထားတဲ့ ကလေး- တမူး လမ်းကြောင်းပေါ်က ခမ်းပတ်မြို့၊ ကနန်ကျေးရွာနဲ့ အနီးဝန်းကျင်က ဒေသတွေကို ပြန်လက်လွတ်ခဲ့ရပြီး အခုရက်ပိုင်းအတွင်းမှာဘဲ စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်လာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *