Headlines

မဲစာရင်းသစ်အရ မီဇိုရမ်ပြည်နယ်မှာ မဲပေးခွင့်ရှိသူ ၈ သိန်းကျော်ရှိ

ဇူလိုင်လ ၇ ရက်။

India,Mizoram ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရဲ့ ဇူလိုင်လ (၄) ရက်နေ့က ထုတ်ပြန်လိုက်တဲ့ မဲဆန္ဒရှင် အကြမ်းဖျင်းစာရင်း (Draft Electoral Roll) အရ ပြည်နယ်အတွင်း မဲပေးခွင့်ရှိသူ စုစုပေါင်း ၈ သိန်းကျော်ရှိပြီး မဲစာရင်းမှ ပြန်လည်ပယ်ဖျက်သူ ၅ သောင်းနီးပါးရှိတယ်လို့ ဆိုပါတယ်။

အဆိုပါ မဲဆန္ဒရှင်စာရင်း အထူးအထူးတလည် ပြန်လည်စစ်ဆေးတည်းဖြတ်ခြင်း (Electoral Roll Special Intensive Revision – SIR) ၂၀၂၆ ခုနှစ် လုပ်ငန်းစဉ်အရ မီဇိုရမ်ပြည်နယ်တွင်းရှိ ခရိုင် (District) အသီးသီးမှာ မဲစာရင်းသစ်ကို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်တယ်လို့ အိုင်ဇောလ်မြို့အခြေစိုက် Vanglaini သတင်းဌာနက ဇူလိုင် (၆) ရက်နေ့မှာ ဖော်ပြပါတယ်။

စစ်ဆေးထုတ်ပြန်ရာမှာတော့ Mizoram ပြည်နယ်မှာ လက်ရှိအသုံးပြုနေတဲ့ မဲဆန္ဒရှင်စာရင်းဟောင်းထဲက လူပေါင်း ၄၆,၁၆၂ ဦး (၅ သောင်းနီးပါး) ကိုတော့ အကြောင်းအမျိုးမျိုးကြောင့် အခုအသစ်ထုတ်ပြန်လိုက်တဲ့ မဲဆန္ဒရှင် အကြမ်းဖျင်းစာရင်းထဲကနေ ပယ်ဖျက်ခဲ့ပြီး လက်ရှိစာရင်းအရ မဲပေးခွင့်ရှိသူ ဦးရေဟာ ၈,၂၈,၉၀၆ ဦး ရှိနေတယ်လို့ သိရပါတယ်။

မီဇိုရမ်ပြည်နယ်မှာ အခုလို ကွင်းဆင်းအသေးစိတ် စစ်ဆေးတဲ့ အထူးမဲစာရင်းပြုပြင်မှု (Special Intensive Revision) ကို ပထမဆုံးအကြိမ်အဖြစ် လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က လုပ်ဆောင်ခဲ့ဖူးပြီး၊ ယခုနှစ် (၂၀၂၆ ခုနှစ်) မှာ ပြုလုပ်တာဟာ နှစ်ပေါင်း ၂၀ အတွင်း ဒုတိယအကြိမ်မြောက် ပြန်လည်လုပ်ဆောင်တာ ဖြစ်ပါတယ်။

အခုလို မဲဆန္ဒရှင်စာရင်း အထူးတလည် ပြန်လည်စစ်ဆေးတည်းဖြတ်ခြင်း (SIR) လုပ်ငန်းစဉ်ကို Mizoram ပြည်နယ်အတွင်း နှစ်ပေါင်း ၂၀ ကြာမှ ဒုတိယအကြိမ်မြောက်အဖြစ် အသည်းအသန် ပြန်လည်လုပ်ဆောင်ခဲ့ရခြင်းဟာ ဒေသတွင်း ပထဝီနိုင်ငံရေးနဲ့ အမျိုးသားရေး စိုးရိမ်ပူပန်မှုတွေကြောင့် ဖြစ်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံဘက်က စစ်ရေးပဋိပက္ခတွေကြောင့် အိမ်နီးချင်း ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဘက်က စစ်ဘေးရှောင် ပြည်သူထောင်ပေါင်းများစွာ Mizoram ပြည်နယ်ထဲ ခိုလှုံလာကြတဲ့အပေါ် ဒေသခံ မဇိုလူထုအကြား နိုင်ငံခြားသားများ မဲစာရင်းထဲ ခိုးဝင်ပါရှိလာနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဩဇာညောင်းတဲ့ မဇိုကျောင်းသားအဖွဲ့ (Mizo Zirlai Pawl – MZP) ကလည်း ပြည်နယ်တောင်ပိုင်း Chakma လူမျိုးအများစု နေထိုင်ရာဒေသတွေမှာ မဲဆန္ဒရှင်အရေအတွက်ဟာ ၁၂၁ ရာခိုင်နှုန်းအထိ ပုံမှန်မဟုတ်ဘဲ အဆမတန် ထိုးတက်သွားတယ်ဆိုပြီး အစိုးရကို အပြင်းအထန် ဖိအားပေး ကန့်ကွက်ခဲ့ကြပါတယ်။

ဒါကြောင့် ဝန်ကြီးချုပ် Pu Lalduhoma ဦးဆောင်တဲ့ ပြည်နယ်အစိုးရသစ်နဲ့ ရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းကာ မဲဆန္ဒရှင်စနစ် သန့်ရှင်းဖို့နဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့အတွက် အခုလို ဒစ်ဂျစ်တယ်စနစ်နဲ့ တစ်အိမ်တက်ဆင်း အသည်းအသန် လိုက်လံစစ်ဆေးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို မဲဆန္ဒရှင်စာရင်းထဲကနေ လူပေါင်း ၅ သောင်းနီးပါး (၄၆,၁၆၂ ဦး) ကို ပယ်ဖျက်လိုက်ရတဲ့ အဓိကအကြောင်းပြချက်တွေကတော့ မဲစာရင်းဟောင်းတွင် နာမည်ပါရှိနေသော်လည်း လက်ရှိတွင် ကွယ်လွန်သွားခဲ့ကြပြီဖြစ်ခြင်း၊ အခြားသော ပြည်နယ်ပြင်ပ သို့မဟုတ် မဲဆန္ဒနယ်မြေများဆီသို့ အပြီးအပိုင် ရွှေ့ပြောင်းသွားခြင်းနှင့် လူတစ်ဦးတည်းက နေရာအများအပြားတွင် နာမည်နှစ်ထပ် ထပ်နေခြင်း (Duplicate Entries) စတဲ့ ပုံမှန်အကြောင်းပြချက် သုံးခုကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ပြည်နယ်ရွေးကောက်ပွဲအရာရှိချုပ်ရဲ့ ရှင်းလင်းချက်အရ အဆိုပါ ပယ်ဖျက်ခံရသူစာရင်းထဲတွင် အများစု စိုးရိမ်ပူပန်နေကြသလို ခိုးဝင်လာတဲ့ နိုင်ငံခြားသား (Foreigner) ဖြစ်လို့ ပယ်ဖျက်ခံရတာမျိုး တစ်ဦးတစ်ယောက်မျှ ပါဝင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *