
ဇွန်လ ၂၇ ရက်။
ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha စခန်း ၂ ခုကို မနေ့ ဇွန်လ၂၆ ရက်နေ့ညက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သလို ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ခမ်းပတ်မြို့နဲ့ ကနန်ရွာအနီးက ချင်းအမျိုးသားတပ်မ ေတာ်(CNA) စခန်းတခု လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ရေးသတင်းရင်းတစ်ဦးက “မနေ့ည ၁၀ နာရီဝန်းကျင်လောက်က CDF – Hakha က တပ်ရင်း ၁ နဲ့ တပ်ရင်း ၄ အကြဲခံရတာလို့ကြားသိရတယ် ထိခိုက်ကျဆုံးမှုတွေလည်း ရှိတယ်လို့ ပြောတယ် အတိအကျတော့ မသိရသေးဘူး၊ နောက်ပြီး ခမ်းပတ်ဘက်က CNA စခန်းတစ်ခုလည်း ဒီကနေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာရှိတယ်” လို့ပြောပါတယ်။
မနေ့ညက ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha စခန်း ၂ ခု လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း တပ်သား ၅ ဦးကျဆုံးခဲ့ပြီး ဒီကနေ့မနက် ခမ်းပတ်မြို့အနီး နဲ့ ကနန် ကျေးရွာအနီးက ချင်းအမျိုးသားတပ်ဦး CNA စခန်း လေကြောင်းတိုက်ခိုက်ခံရမှုအတွင်းမှာတော့ တပ်သား ၃ ဦး ကျဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းတွေဖော်ပြချက်အရသိရပြီး ထိခိုက်ကျဆုံးမှုနဲ့ပက်သက်ပြီး Chin World Media အနေဖြင့်တော့ သီးသန့်အတည်မပြုနိုင်သေးပါဘူး။
အိန္ဒိယ – မြန်မာနယ်စပ် ခမ်းပတ် – တမူး လမ်းကြောင်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်း အထိနာနေတာကြောင့် ခမ်းပတ်နဲ့ ကနန်ကို စစ်ကောင်စီက ဒီကနေ့ မနက်ပိုင်းမှာ ဗုံးအလုံးရေ အမြောက်အများနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
ခမ်းပတ်ဒေသခံတစ်ဦးက “ ဒီကနေ့မနက် ၆ နာရီ ၁၅ မိနစ်လောက်ကနေ ၆ နာရီခွဲဝန်းကျင်လောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးအလုံးရေ ၅၀ လောက်ကြဲသွားတယ်။ နီးစပ်တဲ့သူတွေ ပြောပြချက်အရ တမူး ဘုတ်ကန်ဘက်မှာလည်း တပ်ရင်းမှူး တစ်ဦး သေဆုံးတယ်လို့ ပြောကြတယ်။ အရပ်သားထိခိုက်ကျဆုံးမှုတွေနဲ့ပက်သက်ပြီးလည်း စုံစမ်းနေဆဲဖြစ်တယ်” လို့ပြောပါတယ်။
ဟားခါးမြို့နယ်က CDF – Hakha စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုမလုပ်ခင် ဟားခါးမြို့အတွင်း အချိန်အတော်ကြာ ပျံဝဲတာတွေလုပ်ခဲ့ပြီးနောက် ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

