
ဇွန်လ ၁၉ ရက်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ အိန္ဒိယရွေးကောက်ပွဲကော်မရှင်က နိုင်ငံတစ်ဝန်း လုပ်ဆောင်နေတဲ့ ၂၀၂၆ ခုနှစ် အထူးမဲစာရင်း ပြန်လည်စစ်ဆေးပြင်ဆင်ခြင်း (SIR 2026) လုပ်ငန်းစဉ်အရ ပြည်နယ်မဲဆန္ဒရှင် စုစုပေါင်းရဲ့ ၉၅ ရာခိုင်နှုန်းကျော် ဖြစ်တဲ့ မဲဆန္ဒရှင် ၈ သိန်း ၇ သောင်း ၅ ထောင်ကျော်ရဲ့ စာရင်းကောက်ယူမှုပုံစံတွေကို ဒီဂျစ်တယ်စနစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ပြီလို့ ပြည်နယ် ပူးတွဲရွေးကောက်ပွဲအရာရှိချုပ် Ethel Rothangpuii က ပြောကြားပါတယ်။
တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ ကြာသပတေးနေ့အထိ ပြောင်းလဲပြီးစီးမှုဟာ ပြည်နယ်မဲဆန္ဒရှင် စုစုပေါင်းရဲ့ ၉၅.၅၃ ရာခိုင်နှုန်းရှိပြီး နောင်လာမယ့် ရွေးကောက်ပွဲတွေအတွက် မဲစာရင်းပြုစုမှုလုပ်ငန်းစဉ်မှာ ကြီးမားတဲ့ မှတ်တိုင်တစ်ခု ဖြစ်လာခဲ့ပါတယ်။
မီဇိုရမ်ပြည်နယ်ရဲ့ ခရိုင် ၁၁ ခုထဲမှာ Champhai၊ Serchhip နဲ့ Khawzawl ခရိုင်တို့ဟာ စာရင်းကောက်ယူမှုပုံစံတွေကို ၁၀၀ ရာခိုင်နှုန်းအပြည့် ဒီဂျစ်တယ်စနစ် ပြောင်းလဲနိုင်ခဲ့ကြပါတယ်။ Siaha နဲ့ Saitual ခရိုင်တွေကလည်း ပြီးပြည့်စုံလုနီးပါး အဆင့်ကို ရောက်ရှိနေပြီး ၉၉.၉၂ ရာခိုင်နှုန်းနဲ့ ၉၉.၇၆ ရာခိုင်နှုန်းစီ အသီးသီး ရှိနေပါတယ်။ တစ်ဖက်မှာတော့ မဲဆန္ဒရှင်အများဆုံး စုပြုံနေတဲ့ Aizawl ခရိုင်ကတော့ ဒီဂျစ်တယ်စနစ် ပြောင်းလဲမှုနှုန်း ၉၀.၇၅ ရာခိုင်နှုန်းနဲ့ အနိမ့်ဆုံးဖြစ်နေပြီး ကျန်တဲ့ခရိုင် ၅ ခုမှာတော့ ၉၃.၉၅ ရာခိုင်နှုန်းကနေ ၉၈.၅၂ ရာခိုင်နှုန်းကြား ရှိနေကြတာ ဖြစ်ပါတယ်။
ဒီ ၂၀၂၆ ခုနှစ် အထူးမဲစာရင်း ပြန်လည်စစ်ဆေးပြင်ဆင်ခြင်း လုပ်ငန်းစဉ်ကိုတော့ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေကို သင်တန်းပေးတာ၊ စာရင်းပုံစံတွေ ရိုက်နှိပ်ဖြန့်ဝေတာတွေနဲ့အတူ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။
မဲဆန္ဒရှင်တွေရဲ့ အချက်အလက်တွေကို နောက်ဆုံးအခြေအနေအတိုင်း အဆင့်မြှင့်တင်ဖို့၊ လွဲမှားမှုတွေကို ဖယ်ရှားဖို့နဲ့ အရည်အချင်းမပြည့်မီသူတွေ မဲစာရင်းမှာ မပါဝင်အောင် စိစစ်ပြီး မဲစာရင်း တိကျမှန်ကန်စေဖို့ ရည်ရွယ်တာဖြစ်ပြီး လာမယ့် ဇွန်လ ၂၈ ရက်နေ့ကို စာရင်းကောက်ယူမှု အဆင့်အပြီးသတ်ရမယ့် နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားပါတယ်။
ဒါ့အပြင် မီဇိုရမ်ပြည်နယ် ရွေးကောက်ပွဲအရာရှိချုပ်ရုံးရဲ့ တောင်းဆိုချက်အရ ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းမူကြမ်း ထုတ်ပြန်မယ့်ရက်ကိုလည်း ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။
အရင်က သတ်မှတ်ထားတဲ့ ဇူလိုင်လ ၅ ရက်နေ့အစား လာမယ့် ဇူလိုင်လ ၄ ရက်နေ့မှာ ရှေ့တိုးထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ပြည်နယ်တစ်ခုလုံး မဲစာရင်းပြင်ဆင်မှုလုပ်ငန်းတွေ ချောချောမွေ့မွေ့ လုပ်ဆောင်နေပြီး သတ်မှတ်ရက်အတွင်း အပြီးသတ်နိုင်မယ်လို့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ယုံကြည်နေကြပါတယ်။
ဒီလုပ်ငန်းစဉ် အောင်မြင်စွာ ပြီးဆုံးသွားရင်တော့ နောင်လာမယ့် ရွေးကောက်ပွဲတွေအတွက် မဲစာရင်းဒေတာတွေ ပိုမိုတိကျလာမှာဖြစ်ပြီး ရွေးကောက်ပွဲတစ်ခုလုံးကိုလည်း ပိုပြီး ပွင့်လင်းမြင်သာမှု ရှိလာစေမှာ ဖြစ်ပါတယ်။
မီဇိုရမ်ပြည်နယ်ရဲ့ အဓိကအကျဆုံးဖြစ်တဲ့ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ (State Assembly Elections) တွေကို (၅) နှစ် တစ်ကြိမ် ပုံမှန် ကျင်းပလေ့ရှိပြီး၊ အနီးစပ်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့တာဖြစ်တဲ့အတွက် သက်တမ်း ၅ နှစ်ပြည့်မယ့် နောက်တစ်ကြိမ် ပြည်နယ်အဆင့် ရွေးကောက်ပွဲကြီးကိုတော့ လာမယ့် ၂၀၂၈ ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပသွားဖို့ ရှိပါတယ်။

