Headlines

ကလေး – တမူး စစ်ကောင်စီ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်နဲ့ချီ အိန္ဒိယဘက်နဲ့ကလေးမြို့ကို စစ်ဘေးတိမ်းရှောင်နေရ

ဇွန်လ ၈ ရက်။

အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူးကားလမ်းကို စစ်ကောင်စီက နှစ်ဘက်ညှပ် ထိုးစစ်ဆင်လာတာကြောင့် တမူးခရိုင် ၊ တမူးမြို့နယ် ကနန်ကျေးရွာနဲ့ ခမ်းပတ်မြို့နေ ဒေသခံပြည်သူအများစုဟာ အိန္ဒိယနဲ့ကလေးမြို့ဘက်ကို တိမ်းရှောင်နေကြရပြီး ကလေးမြို့ဘက်က ထွက်ပြေးတိမ်းရှောင်လာသူတွေ အိမ်ဌားစရာ မရှိဖြစ်နေကြရတယ်လို့လည်း ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်တွေကပြောပါတယ်။

ကနန်ဒေသခံတစ်ဦးက “ ကျမတို့က ကာနန်ဘက်ကကနေ စစ်ရှောင်လာတာ မနေ့တနေ့လောက်ကနေ စပြေးလာတာ ဟိုတနေ့ လေယာဉ်ကနေ ဗုံးကြဲတဲ့ချိန်လောက်ကနေ စလို့ ခမ်းပတ်ဘက်သူတွေ တော်တော်များများလည်း ထွက်ပြေးတိမ်းရှောင်ကြတယ် ဒီနေ့ဆို ရာဇဂြိုလ်ဘက်ကနေ လမ်းတွေလည်း ပိတ်ကုန်ပြီ ကျမတို့နေရာက တမူး – ကလေးကနေ နှစ်ဘက်ညှပ် စစ်ကြောင်းထိုးခံရတာဖြစ်လို့ ခမ်းပတ်၊ ကနန် ဘက်က ဒေသခံအများစု စစ်ဘေးရှောင်နေရတယ် အနည်းစုလောက်ဘဲ ကျန်မယ်ထင်တယ် အိန္ဒိယဘက် ထွက်ပြေးတာလည်းရှိတယ်၊ ဒီ ကလေးမြို့ကိုလည်း ထွက်ပြေးတိမ်းရှောင်ကြတယ် လူတော့ တော်တော်များတယ်ထင်တယ် အိမ်ဌားဖို့ အခုထိ ရှာလို့မရသေးဘူး၊ ကလေးမြို့မှာက ဖလမ်းက စစ်ဘေးရှောင်တွေလည်း ရှိနေသေးတော့ အဲဒါကြောင့်လည်း ပါမယ်ထင်တယ်” လို့ပြောပါတယ်။

ဒီကနေ့ ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းမှာဘဲ တမူးဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းက တမူး – ခမ်းပတ်မြို့ကြားက နန်းမွန်းတားကျေးရွာကို ပြန်သိမ်းလိုက်ပြီလို့လည်း ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယ ခရီးစဉ်အတွင်း အိန္ဒိယ – မြန်မာနယ်စပ်တလျှောက် လုံခြုံရေးကိုင်တွယ်မယ်လို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီကို အာမခံခဲ့ပြီး ရက်ပိုင်းအကြာမှာဘဲ စစ်ကောင်စီက အိန္ဒိယ – မြန်မာနယ်စပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နန်းမွန်းတားရွာကို ပြန်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

နယ်စပ်ကုန်သွယ်ရေးအတွက်လည်း အရေးပါတဲ့ အိန္ဒိယ – မြန်မာနယ်စပ် တစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်း ၊ ကလေးမြောက်ပိုင်း ကလေး – ခမ်းပတ် – တမူး လမ်းမတလျောက်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *