Headlines

အိမ်နီးနားချင်းကောင်းအဖြစ် ဆက်ရှိနေပေးရန် ထန်တလန်မြို့နယ်ကောင်စီက မီဇိုရမ်အခြေစိုက် အရပ်ဖက်အဖွဲ့များထံပြော

မေလ ၅ ရက်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ကောင်စီ/CDF-Thantlang အနေနဲ့ မီဇိုရမ်ပြည်နယ်ရှိ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်နေပြီး၊ မီဇိုရမ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှုမှာ မိမိတို့ဘက်က အိမ်နီးနားချင်းကောင်း ဖြစ်ချင်သလို တစ်ဖက်အဖွဲ့အစည်းတွေကိုလည်း အိမ်နီးနားချင်းကောင်းတွေအဖြစ် ရှိနေပေးဖို့ ဖိတ်ခေါ်ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့မှာ ထန်တလန်မြို့နယ်ကောင်စီနဲ့ လောင်တလိုင် (Lawngtlai) ခရိုင်က အကြီးဆုံး NGO အဖွဲ့ဖြစ်တဲ့ Young Lai Association (Central YLA) တို့ဟာ လောင်တလိုင်မြို့ရှိ Central YLA ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြသလို မေလ ပထမအပတ်အတွင်းမှာလည်း Young Mizo Association (YMA) Thingsai ဌာနခွဲနဲ့ သျှင်ဆိုင်း (Thingsai) ရွာမှာ ထပ်မံတွေ့ဆုံခဲ့ကြတာပါ။

အဆိုပါ တွေ့ဆုံမှုတွေအတွင်းမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စ၊ စစ်ဘေးရှောင်များအရေး၊ လက်ရှိ နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေများအပြင် အနာဂတ်မှာ ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေဖို့ ဆောင်ရွက်မယ့် ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ The Lairam Times ကဖော်ပြပါတယ်။

ထန်တလန်မြို့နယ်ကောင်စီက CYLA နဲ့ YMA တို့ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေမှာ အတူတကွ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် ဂုဏ်ပြုလက်ဆောင်တွေ ပေးအပ်ခဲ့သလို၊ “ကျွန်တော်တို့အနေနဲ့ ခင်ဗျားတို့ရဲ့ အိမ်နီးနားချင်းကောင်း ဖြစ်ချင်သလို၊ ခင်ဗျားတို့ကိုလည်း အိမ်နီးနားချင်းကောင်းတွေအဖြစ် ရှိနေပေးဖို့ ဖိတ်ခေါ်ပါတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ထန်တလန်မြို့နယ်ကောင်စီ/CDF-Thantlang အနေနဲ့ လောင်တလိုင်မြို့က (ဟားခါး-ထန်တလန်) စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့၊ ဆန်ဂေါင် (Sangau) နဲ့ သျှင်ဆိုင်း (Thingsai) ရှိ စစ်ဘေးရှောင်ခေါင်းဆောင်တွေနဲ့လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Source: The Lairam Time

Leave a Reply

Your email address will not be published. Required fields are marked *