
ဧပြီလ ၂၈ ရက်။
မီဇိုရမ်ပြည်နယ်အတွင်းမှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းနေတာကြောင့် ကျောင်းသားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ပြည်နယ်အတွင်းက ခရိုင် ၉ ခုမှာရှိတဲ့ ကျောင်းအားလုံးကို ဧပြီလ ၂၈ ရက်နေ့မှာ ပိတ်ထားလိုက်ရသလို၊ ချင်းပြည်နယ်အပါအဝင် မြန်မာပြည်တွင်းက ဒေသအချို့မှာလည်း မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်နိုင်တာကြောင့် ကြိုတင်သတိပြုကြဖို့ ထုတ်ပြန်ထားပါတယ်။
အိုက်ဇောလ် (Aizawl)၊ ကိုလာဆစ် (Kolasib)၊ လုံတလိုင် (Lunglei) နဲ့ မာမစ် (Mamit) အပါအဝင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေဟာ မြေပြိုတာနဲ့ ရေကြီးရေလျှံတာမျိုးတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို စိုးရိမ်တဲ့အတွက် ကျောင်းတွေကို ကြိုတင်ပိတ်ထားဖို့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့ ကျောင်းပညာရေးညွှန်ကြားရေးမှူး Angela Zothanpuii က ပြောပါတယ်။
ဒါပေမဲ့ ပြည်နယ်တောင်ပိုင်းက ဟနာသီယယ်လ် (Hnahthial) နဲ့ လောင်တလိုင် (Lawngtlai) ခရိုင်တွေမှာတော့ ရာသီဥတု အခြေအနေ နည်းနည်းပြန်ကောင်းလာတာကြောင့် ကျောင်းတွေကို ပုံမှန်အတိုင်း ပြန်ဖွင့်ထားတယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း ချင်းပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ ဧပြီလ ၂၈ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်သလို၊ မိုးတိမ်တောင်တွေ ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက်မှာ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတွေပါ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်အတွင်းမှာတော့ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့ မနက်ပိုင်းကလည်း မြို့နယ်တချို့မှာ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးတာနဲ့ သစ်ပင်ကြီးတွေ လဲကျတာမျိုးတွေအထိ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လာမယ့် နောက် ၂ ရက်အတွင်းမှာလည်း ချင်းပြည်နယ်အပါအဝင် ဒေသအတော်များများမှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးဆက်လက်ထစ်ချုန်းရွာနိုင်တာကြောင့် နယ်စပ်တစ်လျှောက်က မိဘပြည်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ လိုအပ်တယ်လို့အသိပေးချက်တွေထုတ်ပြန်ထားပါတယ်။

