Headlines

အိုက်ဇောလ်စည်ပင်ရွေးကောက်ပွဲအမျိုးသမီးသီးသန့်နေရာ ၆ ခုစလုံးကို ZPM ပါတီအနိုင်ရ

ဧပြီလ ၂၈ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောလ်စည်ပင်သာယာရေးကော်မတီ (AMC) ရွေးကောက်ပွဲမှာ အမျိုးသမီးတွေအတွက် သီးသန့်သတ်မှတ်ထားတဲ့ အမတ်နေရာ ၆ ခုစလုံးကို အာဏာရ Zoram People’s Movement (ZPM) ပါတီက အပိုင်သိမ်းပိုက်လိုက်နိုင်တာကြောင့် ပါတီရဲ့ အရှိန်အဝါဟာ ပြည်နယ်အတွင်းမှာ ပိုပြီးတော့ကို ခိုင်မာလာခဲ့တယ်လို့ India Today က‌ရေးသားပါတယ်။

ဧပြီလ ၂၇ ရက်နေ့က ထွက်ပေါ်လာတဲ့ ရလဒ်တွေအရ အာဏာရ ZPM ပါတီဟာ စုစုပေါင်း အမတ်နေရာ ၁၉ နေရာအနက် ၁၇ နေရာအထိ အပြတ်အသတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက် သီးသန့်ဖယ်ထားတဲ့ နေရာအားလုံးမှာ ZPM ကိုယ်စားလှယ်တွေပဲ အနိုင်ရရှိခဲ့တာဟာ ဒီတစ်ကြိမ် ရွေးကောက်ပွဲရဲ့ အထူးခြားဆုံး အောင်မြင်မှုတစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းက အမတ်နေရာ ၁၁ နေရာနဲ့ စည်ပင်ကို စိုးမိုးခဲ့တဲ့ အဓိကအတိုက်အခံ Mizo National Front (MNF) ပါတီကတော့ ဒီတစ်ကြိမ်မှာ အမျိုးသမီးနေရာတွေအပါအဝင် နေရာအတော်များများကို လက်လွှတ်ခဲ့ရပြီး တစ်နေရာသာ အနိုင်ရခဲ့ပါတယ်။ အလားတူ ကွန်ဂရက်ပါတီကလည်း တစ်နေရာသာ အနိုင်ရရှိခဲ့ပြီး BJP ပါတီကတော့ တစ်နေရာမှ အနိုင်မရခဲ့ပါဘူး။

ZPM ပါတီအနေနဲ့ အခုလို အမျိုးသမီးသီးသန့်နေရာ ၆ နေရာစလုံးမှာ အနိုင်ရရှိလိုက်တာဟာ ပါတီရဲ့ မူဝါဒနဲ့ လူထုထောက်ခံမှုကို ပိုပြီးခိုင်မာစေခဲ့တာ ဖြစ်ပါတယ်။ ဧပြီလ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ ဒီရွေးကောက်ပွဲမှာတော့ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ ၆၂ ဒသမ ၇၇ ရာခိုင်နှုန်းက လာရောက်မဲပေးခဲ့ကြတယ်လို့ မီဇိုရမ်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *