ပခုက္ကူမြို့အ၀င် ပျူစောထီးဂိတ်မှာ အဖမ်းခံရတဲ့ မင်းတပ်လူငယ် ၂ ဦးအဆက်အသွယ်ပြတ်နေ

ဧပြီလ ၂၆ ရက်။

ခရီးသွားနေတဲ့ မင်းတပ်လူငယ်နှစ်ဦးကို မကွေးတိုင်း၊ ပခုက္ကူမြို့အဝင်မှာ ဂိတ်ထိုးထားတဲ့ စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးဂိတ်က ဧပြီလ ၂၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ပြီး၊ အခုအချိန်အထိ ရဲစခန်းကိုလည်း ပို့ဆောင်ခြင်းမရှိသလို ဘယ်နေရာကို ခေါ်သွားမှန်းမသိရဘဲ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မင်းတပ်ဒေသခံတွေဆီက သိရပါတယ်။

ယမန်နေ့ ဧပြီလ ၂၅ ရက်၊ မနက် ၈ နာရီအချိန်ခန့်မှာ ဆောမြို့ကနေ ပခုက္ကူမြို့ကို လိုင်းကားနဲ့ လိုက်ပါလာတဲ့ အသက် ၁၈ နှစ်အရွယ် မင်းတပ်လူငယ်နှစ်ဦးဟာ ပခုက္ကူမြို့အဝင် သံလမ်းအကျော်မှာရှိတဲ့ ပျူစောထီးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီဂိတ်မှာရှိတဲ့ အုပ်ကြီးနဲ့ ပျူစောထီးတွေဟာ လူငယ်နှစ်ဦးရဲ့ အထုပ်အပိုးတွေကိုပါ ချခိုင်းပြီး ဖမ်းဆီးသွားခဲ့တာဖြစ်သလို အဲဒီဂိတ်ဟာ တပ်သားသစ်စုဆောင်းဖို့အတွက် လူငယ်တွေကို မကြာခဏ ဖမ်းဆီးလေ့ရှိတဲ့ ဂိတ်တစ်ခုလည်း ဖြစ်တယ်လို့သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မင်းတပ်ကနေ ရန်ကုန်ကို လာတဲ့သူတစ်ဦးက “ဒီအတိုင်းဆိုရင် ချင်းပြည်တောင်ပိုင်းဘက်က လူငယ်တွေကို စနစ်တကျနဲ့ တရားဝင်ပုံစံမျိုး ပေါ်တင်ဖမ်းဆီးတာတွေ ပိုလုပ်လာမယ်လို့ ထင်တယ်။ အဲဒီဘက်မှာက အရေးပေါ်အခြေအနေ ကြေညာထားတာလည်းရှိသလို၊ အခြေပြုဒေသကာကွယ်ရေးတပ်တွေကလည်း တော်လှန်ရေးရည်မှန်းချက်အတိုင်း တစ်စိုက်မတ်မတ် ရပ်တည်နေတာကြောင့် အခုလို ပစ်မှတ်ထားခံရတာ ဖြစ်နိုင်တယ်” လို့ သုံးသပ်ပြောဆိုပါတယ်။

တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး တက်လာပြီးနောက်ပိုင်းမှာ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ကို အသုံးချပြီး နိုင်ငံရေးအရ မသင်္ကာမှု ခေါင်းစဉ်နဲ့ လူငယ်တွေကို နည်းလမ်းသစ်တွေသုံးပြီး ဖမ်းဆီးတာတွေ ပိုများလာနေတာဖြစ်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်မှာလည်း အလားတူဖြစ်စဉ်မျိုးတွေ သိသိသာသာ ပိုများလာတယ်လို့သိရပြီး တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ စရဖ (ယခင် ထောက်လှမ်းရေး) နောက်ခံနဲ့ တက်လာသူဖြစ်တာကြောင့် ထောက်လှမ်းရေးကွန်ရက်တွေကို အရင်ကထက် ပိုသုံးလာတာတာလို့ ဒေသခံတွေက သုံးသပ်ကြပြီး အရင်ကလို လမ်းပေါ်မှာ ပေါ်တာဆွဲတဲ့ ပုံစံမျိုးမဟုတ်တော့ဘဲ အခုအခါမှာ “နိုင်ငံရေးအရ မသင်္ကာမှု” ဆိုတဲ့ ခေါင်းစဉ်ကိုသုံးပြီး လူငယ်တွေရှိတဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်စီးနင်းဖမ်းဆီးတဲ့ နည်းလမ်းကို ပြောင်းလဲအသုံးပြုလာတာ တွေ့ရတယ်လို့ သုံးသပ်ဆောင်းပါးတွေမှာဖော်ပြကြပါတယ်။

ဧပြီလအတွင်း ပုသိမ်မြို့ရဲ့ ရပ်ကွက်အသီးသီးမှာ လူငယ်အများအပြား ဖမ်းဆီးခံခဲ့ရသလို ဧပြီလ ၂၂ ရက်နေ့ကလည်း ဇင်ပြွန်းကုန်းအုပ်စုက လူငယ် ၂ ဦးဟာ အလုပ်သွားရာကနေ အခုအချိန်အထိ အိမ်ပြန်မရောက်ဘဲ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။

တပ်ချုပ်သစ်ဟာ စရဖ နောက်ခံနဲ့ တက်လာသူဖြစ်လို့ ထောက်လှမ်းရေးကွန်ရက်တွေကိုသုံးပြီး စစ်အင်အား လိုအပ်ချက်ကို ရတဲ့နည်းနဲ့ ဖြည့်တင်းဖို့ ကြိုးစားနေတာကြောင့် လူငယ်တွေအနေနဲ့ သွားလာနေထိုင်ရာမှာ အထူးသတိပြုကြဖို့ သတိပေးနှိုးဆော်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *