
မတ်လ ၁၃ ရက်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ၊ အိုင်ဇောလ်မြို့မှာ ဒီကနေ့ မတ်လ ၁၃ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ Chapchar Kut ပွဲတော်မှာ ရခိုင်ကုန်သည် တစ်ဦးမေ့ကျန်ခဲ့တဲ့ ရူပီးငွေ ၁၅ သိန်း ( မြန်မာကျပ်ငွေ သိန်း ၇၅၀ခန့်)ကို ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့တဲ့ သုံးဘီးကယ်ရီသမားကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ရှုပီးငွေ ၁ သိန်းနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့၊ အမှတ် ၃ ရပ်ကွက်နေထိုင်သူ Pu Henry Lalhmingmuana ဟာ သုံးဘီးကယ်ရီဆွဲကာ အလုပ်အလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က မြန်မာနိုင်ငံသား၊ ရခိုင်ကုန်သည်တစ်ဦးက Pu Henry Lalhmingmuana ဆီ သုံးဘီးကို ဌားရမ်းခဲ့ပြီး ၎င်းတည်းခို ခန်းတခုကို ပို့ဆောင်ခဲ့စဉ် ရခိုင်ကုန်သည်က သုံးဘီးပေါ် မှာ အိတ်အမဲရောင်ထဲထည့်ထားတဲ့ ရူပီး ၁၅ သိန်းကျော်ကို မေ့ကျန်ခဲ့တာဖြစ်ပြီး ပိုင်ရှင်မေ့ကျန်ခဲ့တဲ့ ငွေတွေကို ပြန်အပ်နှံခဲ့တာကြောင့် Pu Henry Lalhmingmuana ကို မီဇိုရမ်ပြည်အတွက် အကြီးကျယ်ဆုံး ပွဲတော်မှာ အခုလို ဝန်ကြီးချုပ်ကိုယ်တိုင် ဆုချီးမြှင့်တာလည်းဖြစ်ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ Chapchar Kut ပွဲတော်မှာ မီဇိုရမ်ပြည်နယ်အတွင်း ရဲရင့်သူ ၊ ရိုးသားဖြောင့်မတ်သူ အားဆုချီးမြှင့်ဖို့ ရွေးချယ်ကြရာ Pu Henry Lalhmingmuana ကို မီဇိုရမ်ပြည်နယ်အစိုးရ၊ အနုပညာနှင့် ယဉ်ကျေးမှုညွှန်ကြားရေးမှူးရုံးက ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်ရဲ့ဂုဏ်ပြုမှတ်တမ်းနဲ့ ဖလားအပြင် ဆုငွေ ရူပီး ၁ သိန်း ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။

