
မတ်လ ၁၂ ရက်။
“လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ တုတ်နဲ့ ရိုက်နှက်မိတဲ့အတွက် ကျွန်တော်တို့ မှားယွင်းသွားပါတယ်။ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးကြပါ” လို့ ဟားခါးမြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ – ဟားခါး (CDF-Hakha) က တာဝန်ရှိသူတွေက ခရီးသွားလူငယ်တွေကို တရားဝင် တောင်းပန်ကြောင်း မတ်လ (၁၂) ရက်နေ့မှာထုတ်ပြန်ပါတယ်။
မတ်လ ၇ ရက်နေ့က CDF-Hakha ရဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ ဂိတ်စောင့်နေတဲ့ တပ်ဖွဲ့ဝင်အချို့ဟာ ခရီးသွားလာနေတဲ့ လူငယ် ၁၃ ဦးကို (၂) ကြိမ်စီနဲ့၊ အခြားလူငယ် ၃ ဦးကို (၁) ကြိမ်စီ တုတ်နဲ့ ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။ အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မတ်လအတွင်းမှာ နှစ်ဖက်တွေ့ဆုံမှု ပြုလုပ်ခဲ့ကြပြီး CDF-Hakha ဘက်က အခုလို အမှားကို ဝန်ခံတောင်းပန်ခဲ့တာ ဖြစ်ပါတယ်။
အရိုက်ခံရတဲ့ လူငယ်တွေဘက်ကလည်း “မိမိတို့အချင်းချင်းကြားမှာ အခုလိုမျိုး ဖြစ်ပျက်ခဲ့တာကို တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ နောင်မှာ သတိထားနိုင်ဖို့နဲ့ တခြားသူတွေလည်း အခုလိုမျိုး မကြုံတွေ့ရစေဖို့အတွက် သင်ခန်းစာတစ်ခု ဖြစ်ပါစေ” လို့ ပြန်လည်ပြောကြားခဲ့ပါတယ်လို့ ထုတ်ပြန်ချက်စာမှာဖော်ပြပါတယ်။
အဲဒီနောက်မှာတော့ နှစ်ဖက်စလုံး လက်ဆွဲနှုတ်ဆက်တာ၊ ဆုတောင်းပေးတာတွေ ပြုလုပ်ခဲ့ကြပြီး ပြန်လည်စေ့စပ် ပြေလည်မှု ရရှိသွားခဲ့ပြီလို့ဆိုပါတယ်။
CDF-Hakha ဟာ တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ရေးအတွက် ရပ်တည်နေတဲ့အဖွဲ့ ဖြစ်တာကြောင့် ပြည်သူလူထုက လေးစားအားကိုးပြီး ဝန်းရံလာနိုင်စေဖို့ “ပြည်သူကို ပြန်လည်လေးစားရမယ်” ဆိုတဲ့ စည်းကမ်းချက်ကိုလည်း အတိအကျ ရေးဆွဲထားပါတယ်။ ဒါကြောင့် နောင်မှာလည်း လုပ်ထုံးလုပ်နည်းနဲ့ မညီတာမျိုးတွေ ရှိခဲ့ရင် ပြည်သူလူထုအနေနဲ့ ရဲရဲဝံ့ဝံ့နဲ့ မေတ္တာရှေ့ထားပြီး အမြဲတမ်း အကြံပြုထောက်ပြပေးကြဖို့ CDF-Hakha က မေတ္တာရပ်ခံထားပြီး တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ရေးအတွက် ပြည်သူတွေအနေနဲ့ အတူတကွ လက်တွဲဆောင်ရွက်ပေးကြဖို့ကိုလည်း ထုတ်ပြန်ချက်စာမှာတိုက်တွန်းထားပါတယ်။

