
မတ်လ ၁၁ ရက်။
မတ်လ ၉ ရက်နေ့ က စပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ တီးတိန်မြို့နယ်၏ ချင်းပြည်နယ်လွှတ်တော် (မဲအများဆုံး အနိုင်ယူ စနစ်) မဲန္ဒနယ် ကနေ အနိုင်ရရှိခဲ့သည့် ဦး ပေါင်ဇလန်း လျှောက်ထားခံရသော ရွေးကောက်ပွဲ ကန့်ကွက်လွှာ အပါအဝင် တင်သွင်းလာသော ကန့်ကွက်လွှာ အမှု နှစ်ခု ကို စတင်ကြားနာ စစ်ဆေးခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ရှိ မီဒီယာများ၏ ဖော်ပြချက်များ အရ သိရှိရပါတယ်။
ယင်းကန့်ကွက်လွှာ နှစ်ခု ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း (၁) နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း (၂) တို့ အတွက် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ပုဒ်မ ၆၈ နှင့် နည်းဥပဒေ ၁၁၂ တို့အရ တင်သွင်းလာသည့် ကန့်ကွက်လွှာအမှု တို့ ဖြစ်တယ် လို့လည်း စစ်ကောင်စီ မီဒီယာများက ဖော်ပြထား ပါတယ်။
သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၉ (က) (၁) အရ ၂၃-၂-၂၀၂၆ ရက်စွဲပါ အမိန့်အမှတ်၊ ၁/၂၀၂၆ နှင့် အမိန့်အမှတ်၊ ၂/၂၀၂၆ တို့ဖြင့် ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ကျန်ကော်မရှင် အဖွဲ့ဝင် နှစ်ဦးပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့ (၁) နှင့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) တို့ကို ဖွဲ့စည်းပြီး ယင်း အမှု နှစ်ခု ကို စစ်ဆေးခဲ့ ခြင်း ဖြစ်တယ် လို့လည်း ဆက်လက် ဖော်ပြထားပါတယ်။
ဦးပေါင်ဇလန်း (ဇိုမီး အမျိုးသား ပါတီ) လျှောက်ထားခံရတဲ့ ကန့်ကွက်လွှာ အမှုအမှတ် (၁/၂၀၂၅) ကို ရွေးကောက်ပွဲခုံအဖွဲ့ (၁) ကြားနာ စစ်ဆေးနေပြီး ကန့်ကွက်လွှာ လျှောက်ထားသူ ဟာ ဒေါက်တာကောင်းထက်ခိုင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ဖြစ်ကြောင်း၊ လျှောက်ထားသူ ဦးဝင်းကြူ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) နှင့် လျှောက်ထားခံရသူ ဦးခိုင်ဦး (ပြည်သူ့ပါတီ) တို့၏ အမှုကို ကန့်ကွက်လွှာအမှု အမှတ် (၂/၂၀၂၅) ဖြင့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က စတင်ကြားနာစစ်ဆေးကြောင်း ဆက်လက် ဖော်ပြ ထား ပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) မှာ တီးတိန်မြို့နယ် ချင်းပြည်နယ်လွှတ်တော် (မဲအများဆုံး အနိုင်ယူ စနစ်) မဲဆန္ဒနယ် ကနေ ဇိုမီး အမျိုးသားပါတီ မှ ဦးပေါင်ဇလန်က ၁၉၀၄ မဲဖြင့် အနိုင်ရရှိပြီး ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာ ကောင်းထက်ခိုင် ၁၇၅၉ မဲ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီက ဒေါ်ဝုန်သွယ်ကိမ် ၃၀၇ မဲ အသီးသီးရ ရှိခဲ့ပါတယ်။
၂၀၂၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ် အမျိုးသားလွှတ်တော်နေရာ အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ (၅) ဦးနှင့် ဇိုမီးအမျိုးသားပါတီ (ZNP) မှ (၃) ဦး၊ ချင်းပြည်နယ်လွှတ်တော် နေရာအတွက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ (၆) ဦး၊ ဇိုမီးအမျိုးသားပါတီ (ZNP) မှ (၄) ဦး၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC) မှ (၁) ဦး၊ ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဟားခါးမြို့ နှင့် တီးတိန်မြို့ ၂ နေရာလုံးအတွက် အနိုင်ရရှိခဲ့ပါတယ်။

