Headlines

တီးတိန်မြို့နယ် တုန်းဇံရွာ လူငယ် အသင်း အနေဖြင့် ရွာပိုင် နယ်နိမိတ် အတွင်း ဘိန်းစိုက်ပျိုးမှုကို ချွင်းချက် မရှိ တားမြစ်သွားမယ်လို့ ဆို

မတ်လ ၁၀ ရက်။

တီးတိန်မြို့နယ် တုန်းဇံရွာ နယ်နိမိတ် အတွင်း ဘိန်းစိုက်ခင်း ပြုလုပ်ရန် ရည်ရွယ်သည့် တောင်ယာ ခုတ်မှုများ အပါအဝင် ဘိန်းစိုက်ပျိုးမှုများကို ကျေးရွာ လူငယ်များ အနေဖြင့် ချွင်းချက် မရှိ တားမြစ်သွားမည် ဖြစ်ပြီး တားမြစ်ချက်များကို မလိုက်နာဘဲ ဘိန်းစိုက်ပျိုးမှုများ ဆောင်ရွက်လာပါက ဘိန်းပင်များကို ခုတ်ဖြတ် ရှင်းလင်းကာ ဘိန်းခင်း ၁ ဧက လျှင် ကျပ် ၅ သိန်း ဒဏ်ငွေ ပေးဆောင် စေမည် ဖြစ်ကြောင်း မတ်လ ၁၀ နေ့မှာ တုန်းဇံကျေးရွာ လူငယ်များ အသင်းက ထုတ်ပြန် ထားပါတယ်။

တုန်းဇံကျေးရွာလူငယ်များ အသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ တုန်းဇံရွာနယ်မြေ အတွင်းမှာ ဘိန်းစိုက်ပျိုးမှု ကို ချွင်းချက် မရှိ တားမြစ် ဖို့နဲ့ တားမြစ်ချက်ကို မလိုက်နာသူတွေ အရေးယူ ဖို့နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို အခုမှ ပြုလုပ်တာ မဟုတ်ကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ကတည်းက တရွာလုံး သဘောတူညီချက် နဲ့ ဆုံးဖြတ်ချက် ပြုလုပ်ပြီး ဖြစ်ကြောင်း၊ အခုလို ပြန်ပြီး ထုတ်ပြန်တာက ဘိန်းစိုက်ခင်း ပြုလုပ်ဖို့ ပြင်ဆင်တဲ့ အနေအထား တချို့ တွေ့ရ လို့ဖြစ်ကြောင်း လူမှုကွန်ယက် စာမျက်နှာကနေ ရေးသား ထားပါတယ်။ ဒါ့ အပြင် သံသယ ဖြစ်ဖွယ် တောင်ယာသစ် ခုတ်မှုများ နဲ့ ပတ်သက်ပြီး ကျေးရွာ လူငယ် ခေါင်းဆောင်များ ကိုယ်တိုင် အခင်းများသို့ သွားရောက်ကာ ကွင်းဆင်း လေ့လာမှုများ ပြုလုပ်ခဲ့ပြီး လိုအပ်သည့် သတိပေးစာများ လည်း တောင်ယာခင်း အတွင်းမှာ ပင် ရေးသား ပေးထား ခဲ့တယ် လို့လည်း ဖော်ပြထား ပါတယ်။

“ကျေးရွာလူထု ရဲ့ သဘောတူ ဆုံးဖြတ်ချက် ချထားတဲ့ အတိုင်း ကျွန်တော်တို့ လူငယ်တွေ အနေနဲ့ ဘယ်သူ့ မျက်နှာမှ မထောက်ပဲ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ကျေးရွာ နယ်နိမိတ် အတွင်းမှာတော့ ဘိန်းစိုက်ပျိုးမှုနဲ့ ပတ်သက်ပြီး ဘယ်သူ့ကို မှ ခွင့်လွှတ်မှာ မဟုတ်ဘူး” လို့လည်း တုန်းဇံ ကျေးရွာ လူငယ် တဦး က ပြောကြား ခဲ့ ပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) အနေဖြင့် ချင်းပြည်နယ် အနေဖြင့် ၂၀၂၄ ခုနှစ်မှာ ဘိန်းစိုက်ခင်း ၈၃၁ (၈၀၆-၈၅၈) ဟက်တာ ရှိသည်ဟု ခန့်မှန်းရာမှ ၂၀၂၅ ခုနှစ်မှာ ဘိန်းစိုက်ခင်း ၁၀၄၀ (၁၀၀၀-၁၀၉၀)ဟက်တာရှိမယ် လို့ ခန့်မှန်း ထားပြီး ဘိန်းစိမ်း ထုတ်လုပ်မှုမှာလည်း ၂၀၂၄ ခုနှစ်မှာ ၁၈ မက်ထရစ်တန် ထွက်ရှိသည်ဟု ခန့်မှန်းကြရာမှ ၂၀၂၅ ခုနှစ်မှာ ၂၀ မက်ထရစ်တန် ထွက်ရှိနိုင်တယ် လို့ ခန့်မှန်းထားကြောင်း၊ ယင်း ပမာဏဟာ မြန်မာတနိုင်ငံလုံးရှိ ဘိန်းစိမ်း ထုတ်လုပ်မှုရဲ့ ၂ ရာခိုင်နှုန်း ရှိကြောင်း ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု စစ်တမ်း အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *