Headlines

မီဇိုအမျိုးသမီး အိမ်ထောင်ရေးနဲ့ အမွေဆက်ခံမှုဆိုင်ရာ ဥပဒေပြင်ဆင်ချက်တွေဟာ အဖွဲ့အစည်းပေါင်းစုံနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ လုပ်ဆောင်ခဲ့တာလို့ မီဇိုရမ်ဝန်ကြီးချုပ်ပြော

ဖေဖော်၀ါရီလ ၂၈ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရဲ့ အိမ်ထောင်ရေးနဲ့ အမွေဆက်ခံမှုဆိုင်ရာ ဥပဒေပြင်ဆင်ချက်တွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်နဲ့ အများပြည်သူကြား ဝေဖန်ဆွေးနွေးမှုတွေ ပြင်းထန်နေချိန်မှာ၊ ဝန်ကြီးချုပ် Lalduhoma က ဒီပြင်ဆင်ချက်တွေဟာ အစိုးရက တစ်ဦးတည်းသဘောနဲ့ လုပ်ဆောင်တာမဟုတ်ဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံနဲ့ ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ဆွေးနွေးပြီးမှ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ခုခံကာကွယ်ပြောဆိုလိုက်ပါတယ်။

ဥပဒေရေးရာဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဝန်ကြီးချုပ် Lalduhoma တင်သွင်းခဲ့တဲ့ “မီဇိုအိမ်ထောင်ရေးနှင့် ပစ္စည်းအမွေဆက်ခံမှု (ပြင်ဆင်ချက်) ဥပဒေမူကြမ်း” ကို မီဇိုရမ်ပြည်နယ်လွှတ်တော်က ဒီလအစောပိုင်းမှာ အတည်ပြုခဲ့တာပါ။ ဒီဥပဒေဟာ ၂၀၁၄ ခုနှစ်က ပြဌာန်းခဲ့တဲ့ မူလဥပဒေကို ပိုမိုခိုင်မာအောင် လုပ်ဆောင်တာဖြစ်ပြီး မယားအများအယူစနစ်၊ လူမျိုးခြားနဲ့ လက်ထပ်ခြင်းနဲ့ အမျိုးသမီးတွေရဲ့ ပစ္စည်းပိုင်ဆိုင်ခွင့်ဆိုင်ရာ ပြဌာန်းချက်တွေကို ထည့်သွင်းထားတာဖြစ်ပါတယ်လို့ဆိုပါတယ်။

ဒီပြင်ဆင်ချက်အရ မယားအများအယူစနစ်ကို တရားဝင်ပိတ်ပင်လိုက်ပြီး အမျိုးသမီးတွေအနေနဲ့ လင်မယားပိုင်ပစ္စည်းရဲ့ ၅၀ ရာခိုင်နှုန်းအထိ တောင်းဆိုပိုင်ခွင့် ပေးထားပါတယ်။ ဒါပေမဲ့ မီဇိုအမျိုးသမီးတစ်ဦးဟာ မီဇိုလူမျိုးမဟုတ်သူနဲ့ လက်ထပ်ရင် သူတို့ရဲ့ မီဇိုလူမျိုးအမှတ်အသားနဲ့ တောင်ပေါ်သားမျိုးနွယ်စု (Scheduled Tribe – ST) အဆင့်အတန်း ဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကြောင့် အငြင်းပွားမှုတွေ ဖြစ်လာခဲ့တာပါ။ အထူးသဖြင့် မီဇိုအမျိုးသမီးအဖွဲ့အစည်း (MHIP) က ဒီဥပဒေဟာ မီဇိုအမျိုးသမီးတွေအတွက် မလုံခြုံနိုင်ဘူးလို့ ဆိုကာ ပြီးခဲ့တဲ့ သောကြာနေ့က ဥပဒေမူကြမ်းကို ပြန်လည်ရုပ်သိမ်းဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

ဒီဝေဖန်မှုတွေအပေါ် ဝန်ကြီးချုပ်က လွှတ်တော်အတွင်း ပြန်လည်ဖြေကြားရာမှာ ဒီဥပဒေမူကြမ်းဟာ မီဇိုရိုးရာဓလေ့ထုံးတမ်းဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီရဲ့ အကြံပြုချက်တွေပေါ်မှာ အခြေခံထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီကော်မတီမှာ MHIP အဖွဲ့၊ မီဇိုလူငယ်အသင်း (CYMA) အပါအဝင် အဖွဲ့အစည်း ၁၀ ခုက ကိုယ်စားလှယ်တွေနဲ့ မီဇိုရမ်တက္ကသိုလ်၊ ပြည်နယ်ဥပဒေကောလိပ်က ပညာရှင်တွေ ပါဝင်တယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

ဝန်ကြီးချုပ်ရဲ့ ရှင်းပြချက်အရ အရင် ၂၀၁၄ ဥပဒေမှာ မီဇိုအမျိုးသမီးတစ်ဦးဟာ လူမျိုးခြားနဲ့ လက်ထပ်ရင် လင်ယောက်ျားရဲ့ မိသားစုထဲ ဝင်သွားပြီလို့ သတ်မှတ်တဲ့အတွက် မီဇိုရိုးရာအခွင့်အရေးတွေနဲ့ ကင်းကွာသွားလေ့ရှိတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ရဲ့ ရိုးရာဥပဒေမှာ လူမျိုးခြားနဲ့ လက်ထပ်တဲ့ အမျိုးသမီးတွေရဲ့ အဆင့်အတန်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတာမရှိဘဲ သူတို့ကို ပယ်ထုတ်ရုံပဲ လုပ်ခဲ့တာပါ” လို့ Lalduhoma က ပြောကြားခဲ့သလို၊ မီဇိုယဉ်ကျေးမှုအတိုင်း ပြုစုပျိုးထောင်ထားတဲ့ ကလေးတွေရဲ့ အဆင့်အတန်းနဲ့ ပတ်သက်လို့လည်း ဥပဒေမှာ လစ်ဟင်းနေတာတွေရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၁၉၇၇ ခုနှစ်က ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး မျိုးနွယ်စုမတူသူတွေကြားက မွေးဖွားလာတဲ့ ကလေးတွေကို မျိုးနွယ်စုရဲ့ ဓလေ့အတိုင်း ပြုစုပျိုးထောင်ပြီး လူအသိုင်းအဝိုင်းက လက်ခံတယ်ဆိုရင် မျိုးနွယ်စုဝင်လက်မှတ် (Tribal Certificate) ထုတ်ပေးလို့ရကြောင်း၊ ဒါပေမဲ့ ဒါကို ယေဘုယျဥပဒေသအဖြစ် သတ်မှတ်လို့မရဘဲ အမှုတစ်ခုချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာဖြစ်ကြောင်း သူက ရှင်းပြခဲ့ပါတယ်။

ဒီကိစ္စဟာ ထိရှလွယ်ပြီး ရှုပ်ထွေးတာကို နားလည်တဲ့အတွက် လူမျိုးခြားနဲ့ လက်ထပ်တဲ့ အမျိုးသမီးတွေနဲ့ သူတို့ရဲ့ ကလေးတွေရဲ့ ဥပဒေကြောင်းအရနဲ့ လူမှုရေးအရ အဆင့်အတန်းကို အသေးစိတ်လေ့လာဖို့ သီးခြားကော်မတီတစ်ခု ဖွဲ့စည်းနိုင်ကြောင်း ဝန်ကြီးချုပ်က အကြံပြုခဲ့ပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ နောက်ထပ် ပြန်လည်သုံးသပ်တာတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လမ်းဖွင့်ထားဆဲဖြစ်တယ်လို့လည်း အသိပေးပြောကြားခဲ့ပါတယ်။ 

Source; India Today Media 

Leave a Reply

Your email address will not be published. Required fields are marked *