
ဇန်နဝါရီလ ၂၇ ရက်။
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို အင်အားဖြည့်ဖို့ တက်လာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ချင်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား မနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့က ဖလမ်းမြို့နယ် ဗာလုံရွာ(Valung) နဲ့ Zawnglei ရွာအကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကော်မရှင်တပ်က ၇ ယောက်ကျော် သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ဖလမ်းမြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ထံ လူအင်အားထပ်ဖြည့်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကလေး – သိုင်းငင်းလမ်းကနေတဆင့် ၁၂ ဘီးကား ၅ စီး၊ သံပြားကာကား ၃ စီးတို့ဖြင့် အင်အား ၃၀၀ ခန့်ဝန်းကျင်ဟာ ဖလမ်းမြို့ကို တိုက်ရိုက်တက်လာနေပြီး ဖလမ်းမြို့ကနေ မိုင် ၄၀ အကွာကို ရောက်ရှိနေတာလည်းဖြစ်ပါတယ်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ကလေးမြို့ကနေ ဖလမ်းမြို့ကို တိုက်ရိုက်စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေအကြား မနေ့က တိုက်ပွဲဖြစ်တယ်လို့ သိရတယ် ဗာလုံနဲ့ Zawnglei ကြားမှာ အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က ၇ ယောက်လား ၉ ယောက်လားတိကျတော့ မသိဘူး သေတယ်လို့ သိရတယ် နောက်ပြီး ဗာလုံက နေအိမ်တလုံးကိုလည်း မီးရှို့တယ်လို့ သိရတယ် ကျနော်ထင်တာက အဲဒီသူတို့သေတဲ့အလောင်းတွေကို နေအိမ်တစ်လုံးထဲထည့်ပြီး မီးရှို့တာလို့ ထင်တယ် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ဒီစစ်ကြောင်းကို ဟန့်တားဖို့တိုက်တာလို့ထင်တယ်” လို့ပြောပါတယ်။
ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF) ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို ပြန်သိမ်းပိုက်နိုင်ဖို့ စစ်ကော်မရှင်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလဆန်းကစလို့ သိုင်းငင်း – ဖလမ်း နဲ့ ဝေဘူလ – ဖလမ်း လမ်းကြောင်းတွေကနေ အင်အား ၈၀၀ ကနေ ၁၀၀၀ ဝန်းကျင်အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး လက်ရှိ ဖလမ်းမြို့နဲ့ ၁၃ မိုင်အကွာမှာရှိတဲ့ Khuangli နဲ့ Sumhrang ရွာ အနီးတဝိုက်က တောတောင်တွေထဲမှာ အခိုင်အမာ ကတုတ်ကျင်းတွေနဲ့ ပြင်ဆင်ပြီး ခြေကုတ်စခန်း ချပြီး စစ်ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။
ဖလမ်းမြို့ကိုပြန်ရဖို့ ၃ လနီးပါးအကြာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေအတွင်း စစ်ကော်မရှင်ဘက်က ထိခိုက်ကျဆုံးများပြားတာ စစ်သုံ့ပန်းဖြစ်တာတွေ ထွက်ပြေးတာ၊ အလင်းဝင်တာတွေနဲ့ အထိနာမှုတွေကြောင့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကလေးမြို့ကနေ စစ်အင်အား ရာချီကို ထပ်မံဖြည့်တင်းလာနေတာလည်းဖြစ်တယ်လို့ သိရပါတယ်။

