Headlines

ကန်ပက်လက်မြို့နယ် နတ်မတောင်သစ်တောဧရိယာအတွင်း သစ်ခိုးထုတ်တဲ့အမှု များလာကာ တချို့နေရာ တောင်ဂတုံးဖြစ်တဲ့အထိ အခြေအနေ ဆိုးရွားလာ

ဇန်နဝါရီလ ၂ ရက်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ၊ အာဆီယံအမွအနှစ် ခေါနူးသုမ်(ဆုမ်)နတ်မတောင်သဘာဝသစ်တော ဧရိယာအတွင်း သစ်ခိုးထုတ်တဲ့ အမှုပေါင်းဟာ ၂၀၂၄ – ၂၀၂၅ ခုနှစ်အတွင်း အမှု ၁၆ မှုရှိခဲ့ပြီး အဲဒီအမှုများအတွက် အရေးယူထားတာရှိသလို သစ်တောကြိုးဝိုင်းရဲ့တချို့နေရာတွေ တောင်ဂတုံးဖြစ်လာတဲ့အထိ အခြေအနေ ဆိုးရွားလာနေတယ်လို့ ကန်ပက်လက်မြို့နယ် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှုးရုံး မြို့နယ်မှုခင်းတာဝန်ခံက ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံပြည်သူတချို့ဟာ မည်သည့် ဥပဒေမှ မရှိတော့ဘဲ လုပ်ချင်ရာလုပ်လို့ရတယ် ဆိုပြီး အချို့က ဘိုးဘွားပိုင်ကို အကြောင်းပြုကာ နတ်မတောင် သစ်တောဧရိယာ ဖြစ်သည်ကို သိထားသော်လည်း တားမြစ်သစ်တောထွက် သဘာဝသံဇာတတွေကို ခိုးယူထုတ်လုပ်ရောင်းချတာ သစ်တောကြိုးဝိုင်းအတွင်း လူနေအိမ်တွေဆောက်လုပ်တာ ဥယာဉ်ခြံမြေအဖြစ် ခုတ်ထွန်ရှင်းလင်းတာ နဲ့ ကိုယ်ကျိုးအတွက် မြေနေရာရောင်းချတာ တောင်ယာခုတ်ခြင်း မီးရှို့ခြင်းတွေနဲ့ တားမြစ် သစ်ခွပန်းမျိုးစုံရှာဖွေရောင်းချတာတွေ ပြုလုပ်လာနေတယ်လို့လည်း ကန်ပက်လက်မြို့နယ် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့နှင့် သစ်တောနှင့် သဘာဝသယံဇာတထိန်းသိမ်း ရေးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။

ကန်ပက်လက်မြို့နယ် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှုးရုံး မြို့နယ်မှုခင်းတာဝန်ခံ ဆလိုင်း Moemakha က “ခိုးထုတ်တဲ့ သတင်းတော့ရတယ် နေရာလည်းတွေ့တယ် ပြည်သူတွေမပူးပေါင်းကြလို့ ဖော်ထုတ်ရခက်နေတယ် လက်ရှိ ဖော်ထုတ်တဲ့ သစ်ခိုးထုတ်တဲ့ အမှုပေါင်း ၁၆ မှု ရှိတယ်။ အရေးယူထားတာတယ် တချို့နေရာတွေမှာဆို သစ်တောကြိုးဝိုင်းတွေ တောင်ကတုံးဖြစ်နေပါပြီ သစ်ခိုးထုတ်တာတွေကို မလုပ်ဖို့ ကျနော်တို့ဘက်က သတိပေးတာက ၂၀၂၅ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ကစလို့ စာနဲ့ သတိပေးတာရှိတယ် အဲဒီမတိုင်ခင်လည်း ကျေးရွာက ရပ်ကျေးတွေနဲ့ပေါင်းပြီး ဖြေရှင်းတာတွေရှိတယ် လက်ရှိအနေထားက ထုတ်ပြန်သတိပေးတာတွေလည်း လိုက်နာမှုမရှိလို့ ထပ်ဆင့် သတိပေးချင်တာလည်းဖြစ်တယ်” လို့ပြောပါတယ်။

ကန်ပက်လက်မြို့နယ်အတွင်းနေထိုင်ကြတဲ့ မိဘပြည်သူတွေအနေဖြင့် တားမြစ်သစ်တောထွက်ပစ္စည်းတွေကို ခိုးယူထုတ်လုပ် ရောင်းချခြင်းမလုပ်ကြဖို့ တည်ဆဲဥပဒေများအရလည်းကောင်း၊ ဒေဿန္တရဥပဒေ အရလည်းကောင်း တော်လှန်ရေးကာလအတွင်း ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့နဲ့ မလိုက်နာရင် ထိရောက်စွာ အရေးယူခံရမှာဖြစ်တယ်လို့လည်း ကန်ပက်လက်မြို့နယ် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့နှင့် သစ်တောနှင့် သဘာဝသယံဇာတထိန်းသိမ်း ရေးဌာနက ထပ်မံသတိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *