Headlines

တွန်းဇံ၊ ဖလမ်း နှင့် ထန်တလန် မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ကြေငြာ

ဒီဇင်ဘာလ ၂၈ ရက်။

ချင်းပြည်နယ်ရှိ တွန်းဇံ၊ ဖလမ်း နှင့် ထန်တလန် မြို့နယ် ၃ ခု အပါအဝင် မြန်မာ နိုင်ငံ တဝှမ်းရှိ မြို့နယ် ၉ ခုမှာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိတဲ့ အတွက် ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန် ကြေငြာခဲ့ ပါတယ်။

ယင်းကြေငြာချက် အရ တွန်းဇံ၊ ဖလမ်း နှင့် ထန်တလန် မြို့နယ်များ ရှိ သက်ဆိုင်ရာ ပြည်သူ့လွတ်တော် မဲဆန္ဒနယ် ၃ ခု၊ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃ (ဖလမ်းခရိုင်) နှင့် သက်ဆိုင်ရာ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၃ ခု၊ စုစုပေါင်း မဲဆန္ဒနယ် ၇ ခု တို့မှာ ရွေးကောက်ပွဲ ပြုလုပ်တော့မှာ မဟုတ်ကြောင်း သိရှိရ ပါတယ်။

အပိုင်း ၃ ပိုင်းနဲ့ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ရန် ကနဦး ကြေငြာထားသည့် မြို့နယ်များတွင် ပါဝင်ခဲ့သော တွန်းဇံ၊ ဖလမ်း နှင့် ထန်တလန် မြို့နယ် တို့ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ မြို့နယ် ၁၀၂ ခုမှာ ပြုလုပ်မယ့် အပိုင်း ၁ မှာ လည်းကောင်း၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ နေ့မှာ မြို့နယ် ၁၀၀ ခု မှာ ပြုလုပ်မယ့် အပိုင်း ၂ မှာလည်းကောင်း၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ မြို့နယ် ၆၃ ခုမှာ ပြုလုပ်မယ့် အပိုင်း ၃ မှာ သော်လည်းကောင်း ချန်လှပ်ခံ ခဲ့ရပြီး နောက်ပိုင်း ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ရွေးကောက်ပွဲ ပြုလုပ်တော့မည် မဟုတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် မှ ကြေငြာ လာခဲ့ခြင်း ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ချင်းပြည်နယ် ရှိ စစ်တပ်မှ ထိန်းချုပ်ထားသည့် ဟားခါး နှင့် တီးတိန်မြို့ ပေါ်တွေမှာသာ ကျင်းပတော့မည် ဖြစ်ပြီး၊ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၂ ခု၊ အမျိုးသား လွှတ်တော် (FPTP) မဲ ဆန္ဒနယ် ၂ ခု၊ ကိုယ်စားလှယ်လောင်း ၆ နေရာပါဝင်သော အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (PR) တခု၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (FPTP) ၂ ခု၊ ကိုယ်စားလှယ်လောင်း ၉ နေရာ ပါဝင်သော ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (PR) တခု၊ စုစုပေါင်း အမတ်လောင်း ၂၂ နေရာကို ဒီဇင်ဘာလ ၂၈ နေ့မှာ ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း ၁ က အဆုံးအဖြတ်ပေး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၂၆၅ နယ်၊ အမျိုးသား လွှတ်တော် (FPTP) မဲဆန္ဒနယ် ၇၃ နယ်၊ အမျိုးသားလွှတ်တော် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော် (FPTP) မဲဆန္ဒနယ် ၂၅၇ နယ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော် (PR) မဲဆန္ဒနယ် ၄၂ နယ် နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် တို့မှာ ကျင်းပမှာ ဖြစ်ကြောင်း UEC ရဲ့ ကြေငြာချက် အရ ဆက်လက် သိရှိရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *