Headlines

စစ်ကော်မရှင်ရဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ဟားခါးမြို့ပေါ်မှာ အိမ်မွေးတိရစ္ဆာန်တချို့သေဆုံး၊နေအိမ်တချို့ထိခိုက်ပျက်စီး

ဒီဇင်ဘာလ ၂၆ ရက်။

စစ်ကော်မရှင်ရဲ့ ပါတီစုံရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းသာလိုတော့တဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ဒီကနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်း ၆ နာရီကစလို့ နေ့ လည်၁၂ နာရီအထိ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ဟားခါးမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တောိလှန်ရေးတပ်ဖွဲ့ CDF – Hakha တို့အကြား ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်က ဟားခါးမြို့ပေါ်ရပ်ကွက်တွေထဲ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှု လုပ်ခဲ့လို့ အိမ်မွေးတိရစ္ဆာန်တချို့သေဆုံးတာ နေအိမ်အဆောက်အအုံ တချို့ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက Chin World Media ကိုပြောပါတယ်။

ဟားခါးမြို့ ရုန်းတောင်ပေါ်ရှိ စစ်ကော်မရှင်တပ် ခလရ ၂၆၆ တပ်ကုန်းနဲ့ ရုန်းတောင်ခြေ နှင့် ၆ လမ်းဆုံ အနီး နေရာ ၃ နေရာလောက်မှာ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ CDF – Hakha အကြား ထိတွေ့တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့စဉ် စစ်ကော်မရှင်ဘက်က လက်နက်ကြီးတွေ အပြင် ဂျက်ဖိုက်တာ ၂ စီးအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “သေနတ်သံတွေက ဒီကနေ့မနက် ၄ နာရီလောက်ကစတယ် တကယ်အပြင်းအထန် တိုက်ကြတာက မနက် ၆ နာရီလောက်ကစလို့ အပြင်းအထန် ဖြစ်တယ် နေ့လည် ၁၂ နာရီလောက်ထိ အပြင်းအထန် လက်နက်ကြီးတွေ လေကြောင်းကနေရော ပစ်ခတ်တာတွေ တောက်လျောက်ဖြစ်ခဲ့တယ် အခုတော့ငြိမ်သွားပြီ လက်နက်ကြီး ပစ်ခတ်မှုမှာ မြို့ပေါ်ရပ်ကွက်တွေထဲ ၅ လုံးလောက် ကျရောက်ပေါက်ကွဲခဲ့တယ် လူအထိအခိုက်တော့ မရှိပေမယ့် အိမ်မွေးတိရိစ္ဆာန်သေဆုံးတာ နေအိမ်အဆောက်အအုံ တချို့ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ် ရပ်မိရပ်ဖတွေက ဒီကနေ့မနက်ကစလို့ ဗုံးသံတွေကြောင့် လုံခြုံတဲ့နေရာတွေမှာ ရှိနေလို့ အခုလို လူအထိအခိုက်မရှိတာပါ” လို့လည်း ပြောပါတယ်။

ဟားခါးမြို့တွင်းကို စစ်ကော်မရှင်ပစ်ခတ်တိုက်ခိုက်မှုအတွင်း Chin Christian University ကျောင်းဝင်းထဲတကြိမ် ၊ Galilee Baptist Church အောက်နားလမ်းမှာ တစ်ကြိမ်၊ အပေါ်နား တစ်ကြိမ် နဲ့ ကျောဘုတ် မတူပီသွားတဲ့ လမ်းဘက်မှာ ၂ လုံး စုစုပေါင်း မြို့ပေါ်ရပ်ကွက်ထဲ ၅ လုံး လက်နက်ကြီး တိုက်ခိုက်ခံရလို့ နေအိမ် မှန်တွေကွဲတာ ၊ အိမ်မွေးတိရိစ္ဆာန် တချို့ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟားခါးမြို့အခြေစိုက် စစ်ကော်မရှင်တပ်ရဲ့ ရုန်းတောင်ပေါ်စခန်းကို CDF – Hakha က တိုက်ခိုက်ခဲ့မှုအတွင်း စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးတာတွေ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပေမယ့် CDF – Hakha ဘက်ကတော့ ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *