Headlines

ဖလမ်း၊ထန်တလန်၊တွန်းဇံ မြို့၃ ခု ရွေးကောက်ပွဲကျင်းပမယ့် အပိုင်း ၃ စာရင်းမှာလည်းမပါဝင်

ဒီဇင်ဘာလ ၂၆ ရက်။

အာဏာသိမ်းစစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အပိုင်း (၃) ပိုင်းခွဲပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အပြီးသတ် ကျင်းပရန် စီစဉ်ထားတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်ရှိ ရွေးကောက်ပွဲ ပြုလုပ်ရန် ကြေငြာထားတဲ့ ထန်တလန်၊ ဖလမ်း နှင့် တွန်းဇံ မြို့နယ်တွေဟာ အပိုင်း (၃) မြို့နယ်စာရင်းမှာလည်း ပါဝင်လာခြင်း မရှိတောါ ကြောင်း UEC ရဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပမည့် မြို့နယ်များ စာရင်း အရ သိရှိရ ပါတယ်။

ချင်းပြည်နယ်ရှိ မြို့နယ် ၅ မြို့နယ် မှာ မူလက ရွေးကောက်ပွဲ ပြုလုပ်ဖို့ ရွေးကောက်ပွဲ ကော်မရှင် က ကြေငြာ ထားသော်လည်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှာ ပြုလုပ်မည့် ရွေးကောက်ပွဲမှာ စစ်တပ်ထိန်းချုပ်ထားတဲ့ ဟားခါးမြို့နယ် နှင့် တီးတိန်မြို့နယ် (၂) ခုသာ ပါဝင်ခဲ့ပြီး ထန်တလန်၊ တွန်းဇံ နှင့် ဖလမ်းမြို့နယ် ကို ချန်လှပ် ထားခဲ့ ပါတယ်။

ထန်တလန်၊ ဖလမ်း နှင့် တွန်းဇံ မြို့နယ်များဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ကျင်းပသည့် အပိုင်း (၂) မြို့နယ် (၁၀၀) စာရင်းမှာ ချင်းပြည်နယ်ရှိ မြို့နယ်များ ပါဝင်ခြင်း မရှိခဲ့သလို နောက်ဆုံးအဆင့်အဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပမည့် အပိုင်း (၃) မြို့နယ် (၆၃) ခု စာရင်းမှာလည်း ပါဝင်လာခြင်း မရှိ‌ကြောင်း UEC ရဲ့ ထုတ်ပြန်ချက်အရ အတည်ပြုရ ပါတယ်။

ဖလမ်း နှင့် တွန်းဇံမြို့နယ် တို့ဟာ ချင်းဒေသကာကွယ်ရေးတပ်များ ထိန်းချုပ်ထားတဲ့ မြို့နယ်ဖြစ်ပြီး ထန်တလန်မြို့ဟာ တိုက်ပွဲကြောင့် လူသူကင်းမဲ့တဲ့ မြို့ ဖြစ်ပါတယ်။

ချင်းပြည်နယ် ၅ မြို့နယ်က လွှတ်တော် ၃ ရပ်မှ ကိုယ်စားလှယ်နေရာ ၂၈ နေရာအတွက် ကိုယ်စားလှယ်လောင်း ၈၃ ဦးက ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသော်လည်း ယခု အခါမှာတော့ မြို့နယ် ၂ ခုမှာသာ ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ် ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်များ အရ သိရှိရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *